အသစ်ထုတ်လုပ်ထားတဲ့ special edition အိတ်ဆောင် နာရီလေးတွေကို ဝယ်ယူချင်သူတွေ များလွန်းနေတာကြောင့် ဆွစ်ဇာလန် လက်ပတ်နာရီ လုပ်ငန်းစုကြီး Swatchရဲ့ နိုင်ငံတကာ အရောင်းဆိုင် အများအပြားကို ပိတ်ထားရပါတယ်။
Swatchဟာ တန်ဖိုးကြီး ဇိမ်ခံနာရီ အမှတ်တံဆိပ် တစ်ခုဖြစ်တဲ့ Audemars Piguetနဲ့ ပူးပေါင်းပြီး Royal Popဆိုတဲ့ အိတ်ဆောင် နာရီလေးတွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ထုတ်ကုန်သစ်အပေါ် လူတွေ အထူးစိတ်ဝင်စားခဲ့တာက ကုမ္ပဏီအတွက် အောင်မြင်မှုလို့ ဆိုနိုင်ပေမယ့် အဲဒီစိတ်ဝင်စားမှုက အရမ်းကြီးမားသွားတဲ့ အခါမှာတော့ ပြဿနာတွေ ဖြစ်လာပါတယ်။
မေလ ၁၆ ရက်နေ့ကစလို့ လန်ဒန်၊ နယူးယောက်စတဲ့ ကမ္ဘာတလွှားက မြို့ကြီးတွေမှာရှိတဲ့ Swatch ဆိုင်ခန်းတွေမှာ Royal Pop အိတ်ဆောင်နာရီ ဝယ်ယူလိုသူတွေ စုပြုံရောက်ရှိလာပြီး လူတန်းရှည်ကြီးတွေ ဖြစ်ကုန်ပါတယ်။ အခြေအနေတွေက အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်တဲ့အခါ တချို့ဆိုင်တွေမှာ ရဲတွေကပါ လုံခြုံရေးယူပြီး ကြားဝင် ကိုင်တွယ်ပေးနေရပါတယ်။
တစ်လုံးကို ဒေါ်လာ ၄၀၀ နဲ့ ၄၂၀ ကြားလောက် ကျသင့်ပြီး အရောင်အသွေးစုံတဲ့ popယဉ်ကျေးမှုဟန်တွေ လွှမ်းခြုံထားတဲ့ နာရီလေးတွေ ဝယ်ခွင့်ရဖို့ နာရီပေါင်းများစွာ တန်းစီစောင့်ရတာက ဖောက်သည်တွေကိုလည်း မကျေမနပ် ဖြစ်စေခဲ့ပါတယ်။

Public Service Announcement
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယို တစ်ခုမှာ ဆိုရင်တော့ နယူးယောက်ရဲ့ လောင်းအိုင်းလန်းမှာရှိတဲ့ Roosevelt Field စျေးဝယ်စင်တာက Swatch အရောင်းဆိုင်မှာ အခြေအနေတွေ ရှုပ်ထွေးကုန်လို့ ရဲတွေက ငရုတ်ကောင်းရည်တွေကိုပါ ပက်ဖျန်းရင်း လူစုခွဲဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။
မက်ဟမ်တန်မှာရှိတဲ့ နာရီ အရောင်းဆိုင်တွေမှာလည်း ရာနဲ့ချီ များပြားတဲ့ ဝယ်ယူသူတွေ ရောက်လာရာက ကသောင်းကနင်းတွေ ဖြစ်ကုန်ပါတယ်။ မတ်လ ၁၆ ရက်နေ့တုန်းက အဲဒီအခြေအနေတွေကြောင့် အနည်းဆုံး လူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း နယူးယောက် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဗြိတိန်မှာဆိုရင်လည်း လန်ဒန်၊ မန်ချက်စတာ၊ လီဗာပူးစတဲ့ မြို့ကြီးတွေက Swatch အရောင်းဆိုင်တွေမှာ လူတွေ တိုးကြိတ်ကုန်ပါတယ်။ အလားတူ ပြဿနာမျိုးက ပြင်သစ်၊ အီတလီ၊ စင်ကာပူ၊ အိန္ဒိယ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)စတဲ့ နိုင်ငံတွေမှာပါ ဖြစ်ပွားခဲ့ပါတယ်။
လူကြိုက်များမယ့် ထုတ်ကုန်တစ်ခုကို စတင်ရောင်းချချိန်မှာ လုံလောက်တဲ့ လုံခြုံရေး အစီအမံတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ မရှိခဲ့တာကြောင့် Swatch အပေါ်မှာလည်း ဝေဖန်မှုတွေ အများကြီး ပြင်းထန်ခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ Swatchဟာ ကမ္ဘာတလွှားက အရောင်းဆိုင် ၃၀ လောက်ကို ယာယီ ပိတ်ထားမယ်လို့ ကြေညာခဲ့ရပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အများပြည်သူ ဘေးကင်းလုံခြုံရေးအတွက် ချမှတ်ခဲ့ရတာမို့ ဖောက်သည်တွေ နားလည်ပေးကြဖို့ မျှော်လင့်ကြောင်း လူမှုကွန်ရက်ကနေ Swatchက ထုတ်ပြန်ခဲ့ပါတယ်။
အရောင်းဆိုင်တွေ ပိတ်ခဲ့ရတဲ့ထဲမှာ ပါရီ၊ လန်ဒန်၊ ဒူဘိုင်း၊ တိုရန်တို၊ အတ္တလန္တာတို့လို မြို့ကြီးတွေ ပါဝင်နေပါတယ်။ မေလ ၁၇ ရက်နေ့ ညပိုင်းထိတော့ ဗြိတိန်မှာရှိတဲ့ မန်ချက်စတာနဲ့ လီဗာပူးတို့လို မြို့တွေက Swatch အရောင်းဆိုင်တွေ ဆက်ပြီး ပိတ်ထားရဆဲလို့ ပြည်တွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။
Audemars Piguetနဲ့ ပေါင်းစပ်ပြီး Royal Popကို ဖန်တီးခဲ့တယ် ဆိုတာက လူအများရဲ့ အာရုံကို အဖမ်းစားနိုင်ဆုံး အဓိက အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ Audemars Piguetဟာ ဆွစ်ဇာလန်ရဲ့ တန်ဖိုးကြီး လက်ပတ်နာရီ အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး ကုမ္ပဏီက ထုတ်လုပ်တဲ့ အနိမ့်ဆုံး နာရီတစ်လုံးရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂ သောင်းလောက် ကျသင့်ပါတယ်။
Royal Popဟာ Audemars Piguetရဲ့ Royal Oak တန်ဖိုးကြီး လက်ပတ်နာရီ ဒီဇိုင်းကို မှီငြမ်းပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက Swatchရဲ့ တန်ဖိုးသင့် Pop လက်ပတ်နာရီတွေရဲ့ ဒီဇိုင်းကို ဆန်းသစ်ထားတဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ Royal Popကို အရောင် ၈ မျိုးနဲ့ ရွေးချယ် ဝယ်ယူနိုင်မယ်လို့ Swatchက ကြေညာထားပါတယ်။
လူမှုကွန်ရက်တွေပေါ်မှာတော့ နာရီရောင်းချမှုနဲ့ ပတ်သက်ပြီး Swatchရဲ့ စီမံခန့်ခွဲမှု အားနည်းပုံကို ဝေဖန်တာတွေ ပျံ့နှံ့နေပါတယ်။ ဒါ့အပြင် Swatch အနေနဲ့ Royal Pop အိတ်ဆောင်နာရီတွေကို အွန်လိုင်းကနေ ရွေးချယ် ဝယ်ယူခွင့်ရအောင် စီမံပေးသင့်တယ်လို့လည်း တောင်းဆိုမှုတွေ ရှိနေပါတယ်။
Royal Pop လက်ဝယ်ရရှိသူတွေဆီက စျေးကြီးပေးပြီး ပြန်ဝယ်မယ့် စျေးကွက်တစ်ခုကလည်း ရှိနေတာကြောင့် နာရီဝယ်ယူလိုသူတွေ ပိုမိုများပြားနေတာလို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။ ဥပမာ လေလံ ဝက်ဘ်ဆိုက် eBayမှာ အဲဒီနာရီတွေကို ဒေါ်လာ ထောင်ဂဏန်းနဲ့ ပြန်လည်ရောင်းချဖို့ စာရင်းတင်ထားတာတွေ တွေ့ရပါတယ်။ Audemars Piguetက ပူးပေါင်းဖန်တီးထားတဲ့ လက်ရာတစ်ခုကို အများကြီး သက်သာတဲ့ စျေးနဲ့ ရနိုင်မယ်ဆိုတဲ့ အချက်က Royal Popကို လူအများ ဝယ်ယူချင်တဲ့ အဓိက တွန်းအားလည်း ဖြစ်နေပါတယ်။
ကိုးကား: New York Times





















































