ဗြိတိန် ကာကွယ်ရေး ဝန်ကြီးကို တင်ဆောင်ပြီး ပျံသန်းခဲ့တဲ့ ဂျက်လေယာဉ် တစ်စီးဟာ ရုရှား နယ်စပ်နားမှာ ရေဒီယိုလှိုင်း အနှောင့်အယှက်ပေးမှု (jamming)နဲ့ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဂျွန်ဟေလီဟာ အက်စ်တိုးနီးယား နိုင်ငံမှာ ဖြန့်ကျက်ထားတဲ့ ဗြိတိန် စစ်သားတွေကို သွားရောက် တွေ့ဆုံခဲ့ပြီး ဗြိတိန်ဆီ အပြန်မှာ သူလိုက်ပါလာတဲ့ လေယာဉ်က jamming နှောင့်ယှက်မှုနဲ့ ကြုံခဲ့တာလို့ ဆိုပါတယ်။
မေလ ၂၁ ရက်နေ့ ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ရုရှားရဲ့ လက်ချက် ပါဝင်လိမ့်မယ်လို့ ဗြိတိန် စစ်တပ်က ယုံကြည်နေပါတယ်။ လေယာဉ်မှာ သုံးစွဲနေတဲ့ ဆက်သွယ်ရေးနဲ့ ပျံသန်းမှု စနစ်တွေ အနှောင့်အယှက် ပေးခံရတဲ့နောက် လေယာဉ်မှူးတွေဟာ မတူညီတဲ့ အရန် စနစ်တွေကို ယာယီ ပြောင်းလဲ အသုံးပြုပြီး ဆက်လက် ပျံသန်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့ လတုန်းက ပင်လယ်နက် ရေပြင်ထက်မှာ ဗြိတိန် တော်ဝင်လေတပ်ရဲ့ ကင်းထောက် လေယာဉ်ကို ရုရှား တိုက်လေယာဉ် နှစ်စီးက အန္တရာယ် ရှိလောက်အောင် ချဉ်းကပ်နှောင့်ယှက် ပျံသန်းခဲ့ကြောင်း ဗြိတိန်က ကြေညာခဲ့ပြီး နောက်တစ်နေ့မှာ အခုဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ရုရှားဟာ ဟေလီလိုက်ပါလာမှန်းသိလို့ အဲဒီ လေယာဉ်ကို တမင် jamming အနှောင့်အယှက် ပေးခဲ့သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ဖြစ်စဉ်ကို အသေးစိတ် မထုတ်ပြန်သေးပါဘူး။
ဟေလီဟာ အက်စ်တိုးနီးယား ခရီးစဉ်အတွင်းမှာတော့ ရုရှားနယ်စပ်နားမှာ ပြုလုပ်တဲ့ စစ်ရေး လေ့ကျင့်မှု အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဗြိတိန် စစ်သည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ပြီးခဲ့တဲ့လ ဖြစ်ရပ်မှာတော့ ပင်လယ်နက် ရေပြင်ထက်မှာ ပျံသန်းနေခဲ့တဲ့ ဗြိတိန်ရဲ့ RC-135 Rivet Joint လေယာဉ်ကို ရုရှားရဲ့ Su-35နဲ့ SU-27 တိုက်လေယာဉ်တွေက အနှောင့်အယှက်ပေး ပျံသန်းခဲ့ပါတယ်။ Su-27ဟာ ဗြိတိန်လေယာဉ် အရှေ့ ပေ ၂၀ လောက် အကွာထိ ချဉ်းကပ်ပိတ်ဆို့ ပျံသန်းခဲ့ကြောင်း ဗြိတိန် တော်ဝင်လေတပ်က စွပ်စွဲခဲ့ပါတယ်။
ဟေလီက ရုရှားလေယာဉ်မှူးတွေရဲ့ လက်ခံနိုင်စရာ မရှိတဲ့၊ အန္တရာယ်များတဲ့ ရန်စမှုကို ရှုတ်ချခဲ့ပြီး အဲဒီ အနှောင့်အယှက် ပေးမှုကို ပရော်ဖက်ရှင်နယ်ဆန်ဆန် အကောင်းဆုံး ကိုင်တွယ်ခဲ့တဲ့ ဗြိတိန် လေယာဉ်မှူးတွေကို ချီးကျူးခဲ့ပါတယ်။
၂၀၂၄ ခုနှစ်တုန်းကလည်း အဲဒီတုန်းက ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ် လိုက်ပါလာတဲ့ တော်ဝင်လေတပ် လေယာဉ်ရဲ့ မြေပုံလမ်းကြောင်းစနစ် (GPS)ဟာ ရုရှားပိုင်နက်နား ကပ်ပြီး ပျံသန်းချိန်မှာ jammingလုပ် နှောင့်ယှက်ခြင်း ခံခဲ့ရဖူးပါတယ်။
ကိုးကား: BBC


















































