ကမ္ဘာ့ရာသီဥတု အပြောင်းအလဲဟာ ဘက်တီးရီးယား ပိုးမွှားတွေရဲ့ ဆေးဝါးဒဏ် ခံနိုင်စွမ်းကို မြှင့်တင်ပေးနေဖွယ်ရှိကြောင်း ဆေးသိပ္ပံ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
အကျိုးဆက် အနေနဲ့ ဆေးဝါးဒဏ် ကြံ့ကြံ့ခံနိုင်တဲ့ ရောဂါပိုးမွှားတွေ ပိုမိုများပြားလာပြီး လူသားတွေရဲ့ ကျန်းမာရေးအတွက် ခြိမ်းခြောက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ခြေတွေ ရှိနေပါတယ်။
ဘက်တီးရီးယား ပိုးမွှားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုတွေဟာ ပိုးသတ်ဆေး (antibiotic)တွေရဲ့ အာနိသင်ကို လျော့ကျစေပြီး ဆေးဝါးဒဏ် ခံနိုင်စွမ်းကို မြင့်တက်လာစေလေ့ ရှိပါတယ်။ ဒီတော့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ပုံမှန် ပိုးသတ်ဆေးတွေနဲ့ ကုသလို့ မရတော့ဘဲ နောက်ဆက်တွဲ အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ထိ ကြုံလာရတတ်ပါတယ်။ ကမ္ဘာတလွှားမှာ အဲဒီလို ဆေးယဉ်ပါးမှု ပြဿနာကြောင့် သေဆုံးသူ တစ်နှစ်ကို တစ်သန်းလောက် ရှိနေတယ်လို့ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်း သုတေသနပြုမှု ရလဒ်တစ်ခုက ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဟာလည်း ပိုးမွှားတွေရဲ့ ဆေးယဉ်ပါးမှုကို အရှိန်မြှင့်ပေးနေပြီး ပိုးသတ်ဆေးတွေရဲ့ အာနိသင်ကို လျော့ကျလာစေနေတယ်လို့ ညွှန်ပြနေပါတယ်။

Public Service Announcement
အထူးသဖြင့် salmonellaလို့ခေါ်တဲ့ အစာအဆိပ်သင့်မှု ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေရဲ့ သက်ရောက်မှုကြောင့် ဆေးဝါးဒဏ် ခံနိုင်စွမ်း မြင့်မားလာနေတယ်လို့ ဆိုပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ဆွစ်ဇာလန်နဲ့ တရုတ်က သုတေသီတွေဟာ ၁၉၄၀ ကနေ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၃၉ ခုမှာ salmonellaကြောင့် နာမကျန်းဖြစ်မှု ဖြစ်စဉ် ၄၈၀၀၀၀ ကျော်ကို ပြန်လည် နှိုင်းယှဉ် ဆန်းစစ်ကြည့်ခဲ့ပါတယ်။
တွေ့ရှိချက်တွေကို Lancet Planetary Health ဆေးပညာ ဂျာနယ်မှာ ထည့်သွင်း ဖော်ပြထားရာမှာတော့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုတွေ သိသာလာတဲ့ ကာလတွေအတွင်း salmonella ရောဂါပိုးရဲ့ ဆေးဝါးဒဏ်ခံနိုင်တဲ့ ဗီဇဆဲလ်တွေဟာ ၁၀ ရာခိုင်နှုန်းလောက် ပိုအားကောင်းလာတယ်လို့ ပါရှိခဲ့ပါတယ်။
ဆေးယဉ်ပါးမှု ဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းကတော့ ပိုးသတ်ဆေးတွေကို အလွန်အကျွံ၊ ဒါမှမဟုတ် တလွဲ အသုံးပြုမှုတွေပါ။ ဒါပေမဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်က အခြေအနေတွေကို ပိုဆိုးလာစေတယ်လို့ သုတေသီတွေက ပြောပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ဆေးဝါးဒဏ် ခံနိုင်ရည် မြင့်လာတာက salmonella မဟုတ်တဲ့ တခြား ဘက်တီးရီးယား မျိုးစိတ်တွေမှာလည်း သက်ရောက်မှု ရှိနိုင်ပါတယ်။
အပူချိန် မြင့်တက်လာပြီး နှစ်စဉ် မိုးရွာသွန်းမှု ပုံမှန် အခြေအနေတွေ ဖောက်ပြန် ပြောင်းလဲကုန်တာက ဘက်တီးရီးယားတွေကို သက်တမ်း ပိုရှည်စေပြီး လိုက်လျောညီထွေ ဆင့်ကဲ ပြောင်းလဲနိုင်စွမ်းကိုပါ ပိုမို မြန်ဆန်လာစေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဆေးဝါးဒဏ် ခံနိုင်တဲ့ ဗီဇဆဲလ်တွေကိုလည်း အလွယ်တကူ ပျံ့နှံ့ တိုးပွားစေတတ်ပါတယ်။
သုတေသနပြုခဲ့တဲ့ ရလဒ်အရတော့ စာရင်းမှာပါတဲ့ နိုင်ငံတွေရဲ့ ၈၂ ရာခိုင်နှုန်းမှာ salmonella ပိုးမွှားတွေရဲ့ ဆေးဝါးဒဏ် ခံနိုင်စွမ်းက ပိုမို မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပိုမို သက်ရောက် ခံစားရတဲ့ အရှေ့အလယ်ပိုင်း၊ အာဖရိက မြောက်ပိုင်း၊ အာရှတောင်ပိုင်းနဲ့ ဆာဟာရ ဆက်စပ် ရပ်ဝန်းတွေမှာ အဲဒီ အချက်က ပိုပြီး သိသာခဲ့ပါတယ်။
ကမ္ဘာ့ရာသီဥတု အပြောင်းအလဲဟာ ဘက်တီးရီးယားတွေရဲ့ ဆေးဒဏ် ခံနိုင်စွမ်းကို မြင့်တက်လာစေတယ်ဆိုတာ အခု လေ့လာမှု ရလဒ်တွေက ညွှန်ပြနေပေမယ့် အဲဒီ အကြောင်းတရား တစ်ခုတည်းကြောင့် အခုလို ပြောင်းလဲမှုမျိုး ဖြစ်လာတာ မဟုတ်ဘူးလို့တော့ အသေအချာ ရှင်းပြထားပါတယ်။
လူအများအနေနဲ့ ပိုးသတ်ဆေးတွေကို မလိုအပ်ဘဲ မသုံးစွဲဖို့၊ သုံးစွဲတဲ့ အခါမှာလည်း ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာဖို့ အပါအဝင် အရေးကြီးတဲ့ အချက်တွေကို ကျင့်သုံးပြီး ဆေးယဉ်ပါးမှု ပြဿနာ ကြုံနိုင်ခြေကို လျှော့ချသင့်ကြောင်း သုတေသီတွေက တိုက်တွန်း ပြောဆိုထားပါတယ်။
ကိုးကား: Guardian

















































