Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေရှားသတ္တု ပူးပေါင်းထုတ်လုပ်ရေး အရှိန်မြှင့်ဖို့ အိန္ဒိယနဲ့ အမေရိကန် သဘောတူ စာချုပ်

မြေရှားသတ္တုတွေနဲ့ တခြား စက်မှုလုပ်ငန်းသုံး မဟာဗျူဟာ သတ္တုတွေ ပူးပေါင်း ထုတ်လုပ်ရေး သဘောတူညီမှု တစ်ခုကို အမေရိကန်နဲ့ အိန္ဒိယ အစိုးရတွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဓာတ်ပုံ - Reuters

မြေရှားသတ္တုတွေနဲ့ တခြား စက်မှုလုပ်ငန်းသုံး မဟာဗျူဟာ သတ္တုတွေ ပူးပေါင်း ထုတ်လုပ်ရေး သဘောတူညီမှု တစ်ခုကို အမေရိကန်နဲ့ အိန္ဒိယ အစိုးရတွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

လျှပ်စစ်ကားတွေ၊ တိုက်လေယာဉ်တွေ၊ အဆင့်မြင့် ကွန်ပျူတာချစ်ပ်တွေ ထုတ်လုပ်ရေးအတွက် အထူးအရေးပါတဲ့ ကုန်ကြမ်းဖြစ်တဲ့ မြေရှားသတ္တုတွေရဲ့ နိုင်ငံတကာ စျေးကွက်ကို တရုတ်က အဓိက ထိန်းချုပ်ထားတဲ့နောက် အမေရိကန်ဟာ နောက်ထပ် မြေရှားသတ္တု အရင်းအမြစ်သစ်တွေကို ကြိုးစား ရှာဖွေနေပါတယ်။

မေလ ၂၆ ရက်နေ့မှာတော့ အိန္ဒိယနဲ့ အမေရိကန် အစိုးရတွေဟာ မြေရှားသတ္တုတွေ တူးဖော် ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်မယ့် လုပ်ထုံးလုပ်နည်း သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Quad အစုအဖွဲ့ နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ဆီ ရောက်ရှိနေခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရိုဟာ အိမ်ရှင်နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာနဲ့အတူ အခု သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂျိုင်ရှန်ကာက အမေရိကန်-အိန္ဒိယ မြေရှားသတ္တု ပူးပေါင်းထုတ်လုပ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးခြင်းကို အတည်ပြု ကြေညာခဲ့ပြီး အဲဒီ လုပ်ငန်းကို နှစ်နိုင်ငံတည်း ပူးပေါင်း ဆောင်ရွက်မလား၊ ဒါမှမဟုတ် တခြား စိတ်တူသဘောတူ နိုင်ငံတွေနဲ့ပါ ညှိနှိုင်းလုပ်ဆောင်မလား ဆိုတာတွေကိုပါ ဆွေးနွေးဖြစ်ခဲ့ကြောင်း ပြောကြားသွားပါတယ်။ သူက လက်ရှိ ကာလဟာ မြေရှားသတ္တု တူးဖော် ထုတ်လုပ်ရေးအတွက် အထူးအရေးကြီးတဲ့ ကာလလည်း ဖြစ်လာနေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီမှုမှာတော့ မြေရှားသတ္တုတွေ တူးဖော်တာ၊ သန့်စင်တာ၊ ပို့ဆောင်တာနဲ့ ဆက်စပ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဆင့်တွေ ပါရှိတယ်လို့လည်း သိရပါတယ်။

အကျိုးဆက် အနေနဲ့ မြေရှားသတ္တုတွေ ရရှိဖို့ ရင်းမြစ် တစ်ခုတည်းကို မှီခိုနေရတဲ့ အခြေအနေကို လျော့ကျစေပြီး ကွဲပြားစုံလင်တဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေ ပေါ်ပေါက်လာမှာ ဖြစ်ကြောင်း၊ စိန်ခေါ်မှုတွေ အရမ်းများပြားသလို အခွင့်အလမ်းတွေလည်း ပေါများနေတဲ့ လက်ရှိ ကမ္ဘာ့အခင်းအကျင်းမှာ အမေရိကန်နဲ့ အိန္ဒိယတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လောက် နီးကပ်နေသလဲ ဆိုတာကို အခုသဘောတူညီမှုက ထပ်မံ မြင်သာလာစေကြောင်း ဂျိုင်ရှန်ကာက ဆိုပါတယ်။

ရူဘီရိုကလည်း အိန္ဒိယနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းမှုတွေကို အမေရိကန်က အထူးအလေးထားတဲ့အကြောင်း သူ့အနေနဲ့ ပြောဆိုခဲ့ဖူးပြီး ဖြစ်ကြောင်း၊ အဲဒီသဘောထားကို ခိုင်မာစေတဲ့ ဥပမာတစ်ခုကို အခုသဘောတူ စာချုပ်နဲ့အတူ ပြသနိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံစလုံးရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ မရှိမဖြစ် လိုအပ်တဲ့ ဓာတ်သတ္တုတွေ ရေရှည် ထုတ်လုပ်နိုင်ရေး မဟာဗျူဟာ အကျိုးစီးပွားအတွက် အိန္ဒိယနဲ့ အမေရိကန်တို့ လက်တွဲခဲ့တာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

သဘောတူညီမှုရဲ့ အသေးစိတ် အချက်အလက်တွေကို မထုတ်ပြန်သေးပေမယ့် သတ္တုတူးဖော်မှုတွေကို အမေရိကန်မှာရော၊ အိန္ဒိယမှာပါ လုပ်ဆောင်မယ်လို့ ယုံကြည်ရပြီး နောက်ပိုင်းမှာ မိတ်ဖက် အသစ်တွေ ပါဝင်လာရင်လည်း အဲဒီနိုင်ငံတွေထိ ချဲ့ထွင်သွားဖွယ် ရှိနေကြောင်း သိရပါတယ်။

ကိုးကား: Economic Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။