ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာတော့ အာရှတိုက် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းတွေရဲ့ လက်ရှိ ဖြတ်သန်းမှုဟာ ရှုံးပွဲ မရှိသေးသလို ကျေနပ်စရာ ရလဒ်တွေကို တွေ့မြင်နေရပါတယ်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားမှာ အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) လက်အောက်ကနေ စံချိန်တင် အရေအတွက်အဖြစ် စုစုပေါင်း ၉ သင်းထိ ခွဲတမ်းနေရာ ရရှိခဲ့ပါတယ်။ အဲဒီ အသင်းတွေထဲမှာ ဩစတြေးလျကလည်း AFCရဲ့ ဖွဲ့စည်းပုံ အောက်ကနေ ပါဝင်ယှဉ်ပြိုင်လာတာ ဖြစ်ပါတယ်။
အာရှကိုယ်စားပြု ၉ သင်းမှာ တောင်ကိုရီးယား၊ ဩစတြေးလျ၊ ဂျပန်နဲ့ ကာတာတို့ရဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွဲ့ ပွဲစဉ်တွေကို ယှဉ်ပြိုင်ထားပြီး ၂ ပွဲနိုင်၊ ၂ ပွဲသရေဆိုတဲ့ ရလဒ်မျိုး ထွက်ပေါ်ထားပါတယ်။ တောင်ကိုရီးယားဟာ ချက်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဩစတြေးလျကလည်း တူရကီ အသင်းအပေါ် နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ကာတာက ဥရောပ အသင်းကောင်း တစ်ခုဖြစ်တဲ့ ဆွစ်ဇာလန်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီး ဂျပန်ကလည်း ဗိုလ်စွဲမယ်လို့ ထင်ကြေးပေး ခံထားရတဲ့ နယ်သာလန်ကို နှစ်ဂိုးစီ သရေ ကစားပြခဲ့ပါတယ်။






ကမ္ဘာ့ဖလားမှာ အာရှအသင်းတွေဟာ အသင်းငယ်တွေ၊ အိမ်ဖြည့်တွေဆိုတဲ့ ဂုဏ်ငယ်ရတဲ့ အစဉ်အလာကို ပြီးခဲ့တဲ့ ပြိုင်ပွဲတချို့ကစလို့ အာရှတိုက်သားတွေက စတင် ချေဖျက်ပြလာခဲ့ပါတယ်။ အခုနှစ် ပြိုင်ပွဲရဲ့ အုပ်စု အဖွင့် ပွဲစဉ်တွေမှာလည်း ကစားပြီးသမျှ အာရှအသင်းတွေဟာ ရလဒ်ပိုင်း အရရော၊ ခြေစွမ်းနဲ့ အရည်အသွေး အရပါ ဂုဏ်ငယ်စရာ မရှိတဲ့ ပုံရိပ်မျိုးကို ပြသနေကြပါတယ်။

Public Service Announcement
တခြားအာရှဇုန် အသင်းတွေဖြစ်တဲ့ အီရန်၊ အီရတ်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဘီးယားနဲ့ ဥဇဘက်ကစ္စတန်တို့ဟာလည်း အုပ်စုပွဲစဉ်တွေ ကစားရဦးမှာ ဖြစ်ပါတယ်။ အီရန်က နယူးဇီလန်၊ အီရတ်က နော်ဝေး၊ ဂျော်ဒန်က ဩစတြီးယား၊ ဆော်ဒီက ဥရုဂွေး၊ ဥဇဘက်က ကိုလံဘီယာစတဲ့ ပြိုင်ဘက်တွေနဲ့ အသီးသီး ရင်ဆိုင်ကြရမှာပါ။
အခုနှစ် ကမ္ဘာ့ဖလားမှာ ပြိုင်ပွဲဝင် အသင်းအရေအတွက်ကို ၃၂ သင်းအစား ၄၈ သင်းထိ ချဲ့ထွင်လိုက်တာကြောင့်လည်း အာရှ အသင်းတွေရဲ့ ခွဲတမ်းက ပိုမို ရရှိလာတာပါ။ ဂျော်ဒန်နဲ့ ဥဇဘက်တို့ဟာ ကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ပါဝင် ယှဉ်ပြိုင်ခွင့် ရလာတာဖြစ်ပြီး တောင်ကိုရီးယားကတော့ ကမ္ဘာ့ဖလား ၁၁ ကြိမ်ဆက် ပါဝင်ခွင့်ရတယ်ဆိုတဲ့ မှတ်တမ်းကောင်းနဲ့အတူ ခြေစစ်ပွဲ အောင်လာခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: FIFA


















































