အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ကွယ်လွန်ခဲ့သူ အဓိပတိဟောင်းရဲ့ နာရေးအတွက် အီရန် အစိုးရက စတင်နေပြီ ဖြစ်ပါတယ်။
အယာတိုလာ အလီ ခါမေနီဟာ အီရန်စစ်ပွဲ စတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းက မြို့တော် တဟီရန်မှာ အမေရိကန်နဲ့ အစ္စရေးတို့ လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ပါတယ်။ အခုတော့ သူ့အတွက် နိုင်ငံတော် ဈာပန အခမ်းအနားကို အီရန် အစိုးရက စီစဉ်နေတာပါ။
တဟီရန် မြို့တော်ရဲ့ ဂရန်းမော့ဆယ်လာ ဗလီကြီးမှာ ကွယ်လွန်သူ အဓိပတိဟောင်းရဲ့ ကြီးမားတဲ့ ဓာတ်ပုံတွေကို ဇွန်လ ၃၀ မှာ စတင် ချိတ်ဆွဲနေပြီး နာရေးကိစ္စအတွက် လူအများ အလုပ်ရှုပ်နေကြတာကို တွေ့ခဲ့ရပါတယ်။
ခါမေနီကို ဘာသာရေး ထုံးတမ်းတွေနဲ့အညီ မြေချ သင်္ဂြိုဟ်ခြင်း မတိုင်ခင် သူ့ရုပ်အလောင်းကို အများပြည်သူရှေ့မှောက်မှာ ပြသထားမယ်လို့လည်း သိရပါတယ်။ အမေရိကန်နဲ့ အစ္စရေး တိုက်ခိုက်မှုအတွင်း ခါမေနီနဲ့အတူ သေဆုံးခဲ့တဲ့ ဆွေမျိုးသားချင်းတွေရဲ့ ရုပ်အလောင်းတွေလည်း ဗလီမှာ အတူရှိနေမယ်လို့ ဆိုပါတယ်။

Public Service Announcement
ခါမေနီဟာ ရှီးဟိုက်မွတ်ဆလင် အများအပြားအတွက် လေးစားကြည်ညိုရတဲ့ ဘာသာရေး ခေါင်းဆောင် တစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူသေဆုံးချိန်မှာ အသက် ၈၆ နှစ်အရွယ် ဖြစ်ပါတယ်။
အီရန်အစိုးရဟာ အစောပိုင်းကတည်းက အမေရိကန်နဲ့ အပစ်ရပ် သဘောတူညီမှု ရယူထားခဲ့ပေမယ့် အဲဒီ ကတိကဝတ်တွေ ရေရှည် တည်တံ့နိုင်မလားဆိုတာ မသေချာသေးတာကြောင့် ခါမေနီရဲ့ နိုင်ငံတော် ဈာပန အစီအစဉ်ကို ဆက်လက် ဆိုင်းငံ့ထားခဲ့ပါတယ်။ အခုတော့ အီရန်နဲ့ အမေရိကန်တို့ဟာ စစ်ပြေငြိမ်းရေး ကနဦးအဆင့် သဘောတူညီချက်တွေ ရရှိထားပြီ ဖြစ်တာကြောင့်လည်း နာရေးကိစ္စကို ပြန်လည် စီစဉ်လာခဲ့တာပါ။
ခါမေနီအတွက် နိုင်ငံတော် ဈာပန အခမ်းအနားကို ဇူလိုင် ၄ ရက်နေ့မှာ တရားဝင် စတင်ဖို့ ရည်ရွယ်ထားပါတယ်။ ရုပ်အလောင်းကို ထားရှိပြသထားမယ့် နေရာဟာ တဟီရန် မြို့လယ်က ဝတ်ပြုသူတွေ၊ ဘာသာရေး စုဝေးပွဲတွေ၊ နိုင်ငံတော် အခမ်းအနားတွေ အစည်ကားဆုံး ကျင်းပလေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။
နာရေး အစီအစဉ်မှာ ပါဝင်ကြမယ့်၊ လာရောက် ဂါရဝပြုကြမယ့် ဦးရေဟာ ၁၅ သန်းကနေ သန်း ၂၀ ကြားထိ ရှိမယ်လို့ အီရန် အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဒါဟာ နိုင်ငံသမိုင်းမှာ အကြီးမားဆုံး နိုင်ငံတော် ဈာပနမျိုး ဖြစ်လာစေမယ့် ကိန်းဂဏန်းပါ။
နာရေးအစီအစဉ်တွေ ကျင်းပမယ့် နေရာတဝိုက်မှာတော့ ဆေးအသစ်တွေ ပြန်သုတ်နေပြီး ရဲအင်အား အများအပြား လုံခြုံရေး ဖြန့်ကျက်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ အစိုးရ ရုပ်မြင်သံကြား ဌာနက ထုတ်လွှင့်တဲ့ ဗီဒီယိုမှာတော့ အလုပ်သမားတွေက သတ္တုထည်တွေကို ဂဟေဆက်နေတာ၊ အကြီးစား ပစ္စည်းကိရိယာတွေကို ကရိန်းတွေက သယ်ယူ ရွှေ့ပြောင်းနေတာတွေကို တွေ့ရပါတယ်။
နာရေးအစီအစဉ်ဆီ လာရောက်မယ့်သူ များလွန်းတာကြောင့် လမ်းတွေ ပိတ်ကုန်မှာ စိုးရိမ်တဲ့အတွက် ပြည်သူတွေ အနေနဲ့ အတတ်နိုင်ဆုံး အများပြည်သူ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကိုပဲ အသုံးပြုကြဖို့၊ အာဏာပိုင်တွေ ထုတ်ပြန်တဲ့ လုံခြုံရေး အစီအမံတွေကို တိတိကျကျ လေးစား လိုက်နာကြဖို့လည်း အစိုးရ မီဒီယာတွေက တိုက်တွန်းထားပါတယ်။
နိုင်ငံတော် ဈာပန အစီအစဉ်တွေ အပြီးမှာတော့ ခါမေနီရဲ့ ရုပ်အလောင်းကို ရက်ဇာဗီ ဂူဗိမာန်မှာ ဇူလိုင် ၉ ရက်နေ့ကျရင် မြေချသွားမှာ ဖြစ်ပါတယ်။
ခါမေနီဟာ တင်းကျပ်တဲ့ ဘာသာရေး အခြေပြု စည်းမျဉ်းတွေနဲ့ အီရန်ကို ၃၆ နှစ်ခွဲကြာ အုပ်ချုပ်ခဲ့ပါတယ်။ သူသေဆုံးပြီးတဲ့ နောက်မှာတော့ သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီက အီရန်ရဲ့ အဓိပတိ ရာထူးကို ဆက်ခံခဲ့ပါတယ်။
ကိုးကား: AFP


















































