အိန္ဒိယ နိုင်ငံက ဆောက်လုပ်ဆဲ ရေအားလျှပ်စစ် စီမံကိန်း နေရာတစ်ခုမှာ မြေအောက် ဥမင်ပြိုကျမှု ဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဟိမဝန္တာ တောင်စဉ်တောင်တန်းတွေနဲ့ ဆက်စပ်တည်ရှိရာ အိန္ဒိယအရှေ့မြောက်ပိုင်း၊ ဆစ်ကင်းပြည်နယ်ထဲက နမ်ချင်ခရိုင်ထဲမှာ ဇူလိုင် ၂၀ ရက်နေ့က ဥမင်ပြိုကျခဲ့တာပါ။ ဖြစ်စဉ်မှာ ဆောက်လုပ်ရေး လုပ်သားအများစုလို့ ယူဆရသူ ၁၀ ဦးသေဆုံးပြီး နောက်ထပ် ၁၅ ယောက်လောက်ကလည်း အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ဆိုပါတယ်။
တီစတာမြစ်ပေါ် တည်ဆောက်မယ့် အစိုးရပိုင် ရေအားလျှပ်စစ် စက်ရုံ စီမံကိန်းအတွက် ဥမင်တစ်ခု ဆောက်လုပ်နေရာက ပြိုကျမှု ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ချိန်က အဲဒီနေရာမှာ ဆောက်လုပ်ရေးလုပ်သား ၂၅ ဦးနဲ့ ၂၇ ဦးကြားလောက် ရှိခဲ့လိမ့်မယ်လို့ ယူဆရပါတယ်။ ဇူလိုင် ၂၀ ညပိုင်းထိ အခြေအနေတွေအရ အပျက်အစီးပုံ အောက်ကနေ အလောင်း ၁၀ လောင်းကိုတော့ ဆွဲထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
သတင်းတွေအရ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာက ဥမင်ပြိုကျခဲ့တာလို့ ယုံကြည်ရကြောင်းလည်း သိရပါတယ်။ ဒါပေမဲ့ ပေါက်ကွဲမှု ဘာကြောင့် ဖြစ်သလဲ ဆိုတာကိုတော့ အာဏာပိုင်တွေက မထုတ်ပြန်သေးပါဘူး။ ဥမင်အတွင်းပိုင်း တစ်နေရာမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး နောက်ကွယ်မှာ မသမာမှု တစ်ခုခု ပါဝင်ပတ်သက်တဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့ ဆစ်ကင်းပြည်နယ် ကယ်ဆယ်ရေး ဦးစီးဌာန အကြီးအကဲ ရာဂျက်ဗ်ရိုခါက ပြောကြားခဲ့ပါတယ်။

Public Service Announcement
မြေအောက် ဥမင်ထဲမှာ အဆိပ်အတောက် ပြင်းထန်တဲ့ မီသိန်းဓာတ်ငွေ့တွေ စိမ့်ထွက်နေခြင်းကြောင့်လည်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံနေရပါတယ်။ အောက်စီဂျင်ဘူးတွေ၊ ဓာတ်ငွေ့ကာ မျက်နှာဖုံးပါတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေသာ အဲဒီနေရာကို ဆင်းသက်ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေလို့ ရနိုင်ပါတယ်။
၂၀၂၃ ခုနှစ်တုန်းကလည်း ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်နေတဲ့ ယူတာပရာဒက်ရှ် ပြည်နယ်ထဲမှာ ဖောက်လုပ်တဲ့ ကားလမ်း ဥမင်လှိုဏ်ခေါင်း ပြိုကျပြီး ဆောက်လုပ်ရေး ဝန်ထမ်း ၄၁ ဦးဟာ ၁၇ ရက်ကြာ ပိတ်မိနေခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ကို အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ကိုးကား: New Indian Express


















































