စာမေးပွဲ မေးခွန်း ပေါက်ကြားမှု အရှုပ်တော်ပုံနဲ့ ပတ်သက်လို့ သူ့သဘောထားကို ထုတ်ပြန် အသိပေးထားတဲ့ ဗီဒီယိုကို ကြည့်ရှုပေးခဲ့ကြတဲ့အတွက် ကျောင်းသူကျောင်းသား လူငယ်တွေကို ကျေးဇူးတင်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ပြောပါတယ်။
မိုဒီဟာ ဇူလိုင် ၂၃ ရက်နေ့တုန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရရဲ့ သဘောထားနဲ့ တုံ့ပြန်ဆောင်ရွက်မယ့် အစီအစဉ်တွေအကြောင်း Instagram ဗီဒီယို တစ်ခုမှာ မျှဝေထားခဲ့ပါတယ်။ အဲဒီ ဗီဒီယိုကို စိတ်ဝင်တစား စောင့်ကြည့်ပေးကြ တုံ့ပြန်ကြတဲ့ ကျောင်းသားတွေကို ကျေးဇူးတင်ကြောင်း မိုဒီက ဇူလိုင် ၂၄ ရက် ညပိုင်းမှာ နောက်ထပ် ဗီဒီယို တစ်ခု ထပ်တင်ပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မိတ်ဆွေများကို ကျေးဇူးတင်ကြောင်း၊ မနေ့က ညပိုင်းမှာ လူငယ်တွေနဲ့ ထိတွေ့ နှီးနှောခွင့် ရခဲ့ကြောင်း၊ သူ့ဗီဒီယိုနဲ့ ပတ်သက်ပြီး အားလုံးဆီက အပြုသဘောဆန်တဲ့ တုံ့ပြန်မှုတွေနဲ့ အကြံပြုချက်တွေအတွက် ကျေးဇူးတင်ကြောင်း၊ ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ထောက်ခံအားပေးမှုတွေ ဆက်ရှိနေမယ့် အချိန်မှာ အပြန်အလှန် ဆက်သွယ်မှုကလည်း ပိုမို တက်ကြွ အားကောင်းလာမှာဖြစ်ကြောင်း မိုဒီက ပြောကြားထားခဲ့ပါတယ်။
ဇူလိုင် ၂၃ ရက်နေ့တုန်းက Instagramမှာ အရင်ဆုံး တင်ခဲ့တဲ့ reel ဗီဒီယိုကတော့ ၂၄ နာရီအတွင်း ဝင်ရောက်ကြည့်ရှုသူ သန်း ၃၀၀ ကျော်ထိ ရှိခဲ့ပြီး လူကြည့်အများဆုံး စံချိန်ပါ တင်သွားခဲ့ပါတယ်။ လူငယ်တွေရဲ့ အနာဂတ် ဘဝတက်လမ်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် အရေးကြီးတဲ့ စာမေးပွဲတွေရဲ့ မေးခွန်းတွေ ပေါက်ကြားခဲ့တဲ့ ဖြစ်စဉ်တွေအပေါ် အစိုးရက ပိုပြီး အင်တိုက်အားတိုက် စုံစမ်းမှာ ဖြစ်သလို ပတ်သက်ဆက်နွှယ်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးသွားမယ်လို့ အဲဒီ ဗီဒီယိုထဲမှာ မိုဒီက ကတိပြုထားခဲ့ပါတယ်။

Public Service Announcement
မေးခွန်းပေါက်ကြားမှု အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်ခဲ့သူတွေကို တရားရုံးမှာ အမြန်ဆုံး ကိုင်တွယ်စစ်ဆေးပြီး စီရင်ချက် ချနိုင်မယ့် လုပ်ထုံးလုပ်နည်းတွေကို အကောင်အထည် ဖော်သွားဖို့အတွက် စတင် ဆွေးနွေးမယ်လို့လည်း ဇူလိုင် ၂၃ ရက် ညနေပိုင်းမှာ ဝန်ကြီးချုပ်က ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မိုဒီရဲ့ အစိုးရဟာ အိန္ဒိယ ကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေနဲ့ ကြုံနေရပါတယ်။ ဆန္ဒပြမှုတွေရဲ့ အဓိက အကြောင်းရင်းကလည်း အဲဒီ စာမေးပွဲမေးခွန်း ပေါက်ကြားမှု ကိစ္စမှာ အိန္ဒိယ အစိုးရရဲ့ ကိုင်တွယ်ပုံတွေ ဆိုးရွားတာ၊ အာရုံစိုက်မှု အားနည်းတာတွေကို ကျောင်းသားတွေက မကျေနပ်တာကြောင့် ဖြစ်ပါတယ်။
မေးခွန်းပေါက်တဲ့ ကိစ္စတွေ အရမ်း လူပြောများလာတဲ့အခါ ပညာရေး ဝန်ကြီးဌာနက စာမေးပွဲ ရလဒ်တွေကို ဖျက်ပစ်ပြီး နောက်တစ်နှစ် ပြန်ဖြေစေတာမျိုး နည်းလမ်းတွေနဲ့ ဖြေရှင်းခဲ့တဲ့အခါ အခြေအနေတွေက ပိုဆိုးသွားပါတယ်။ အဲဒီစာမေးပွဲတွေ ဖြေဖို့အတွက် နှစ်စဉ် အိန္ဒိယ မိသားစုတွေ အများကြီးက အချိန်တွေ၊ ငွေတွေ၊ အရင်းအမြစ်တွေ ပုံအော အသုံးပြုရလေ့ရှိပြီး အစိုးရရဲ့ ဖြေရှင်းမှုက ပေါ့ပျက်လွန်းတယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။ နောက်ပြီး တချို့ကျောင်းသားတွေလည်း စိတ်ဓာတ်ကျပြီး သေကြောင်းကြံစည်သွားတာတွေ ရှိခဲ့ပါတယ်။
တစ်ဖက်မှာတော့ ပညာရေး ဝန်ကြီးဌာနထဲက အဂတိလှိုက်စားမှုတွေကို ထိထိရောက်ရောက် မဖြေရှင်းနိုင်တာ၊ အွန်လိုင်းကနေ အမှတ်ပေးတဲ့ စနစ်မှာ ယိုပေါက်တွေ ရှိနေတာတွေကို ပိုမို ထောက်ပြလာကြပါတယ်။ ဒီမကျေနပ်ချက်တွေဟာ အလုပ်လက်မဲ့ လူငယ်တွေအပေါ် တရားသူကြီးချုပ်က ပိုးဟပ်တွေလို ပုတ်ခတ် ဝေဖန်ခဲ့တဲ့ ကိစ္စနောက်ပိုင်း ပိုမို ကြီးထွားလာပြီး နိုင်ငံရေး အုံကြွ လှုပ်ရှားမှုတစ်ခုအဖြစ် ပြောင်းလဲလာပါတယ်။
အခုသီတင်းပတ်မှာတော့ ဒေလီမှာ ပညာရေးဝန်ကြီး နုတ်ထွက်ပေးရေး၊ စာမေးပွဲ မေးခွန်း ပေါက်ကြားမှုနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် အရေးယူပေးရေး၊ သေကြောင်းကြံခဲ့တဲ့ ကျောင်းသားတွေရဲ့ မိသားစုတွေကို အစိုးရက နစ်နာကြေးပေးရေး စတာတွေကို ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေ ပိုမို အရှိန်မြင့်တက်လာပါတယ်။
သူ့ရဲ့ ဇူလိုင် ၂၃ ရက်နေ့ ဗီဒီယိုထဲမှာတော့ မိုဒီက လူငယ်တွေရဲ့ အနာဂတ်နဲ့ ကောင်းကျိုးခံစားခွင့်တွေထက် ပိုအရေးကြီးတဲ့ ဦးစားပေး ကိစ္စမျိုး သူ့အစိုးရအတွက် ထပ်မရှိနိုင်ဘူးလို့ ပြောကြားထားပါတယ်။ လူငယ်တွေရဲ့ အနာဂတ်ကို ထိခိုက်အောင် လုပ်ဆောင်သူ ဘယ်သူ့ကိုမှ ချမ်းသာပေးမှာ မဟုတ်ဘူးလို့လည်း မိုဒီက ဆိုခဲ့ပါတယ်။ ဒါပေမဲ့ နုတ်ထွက်ပေးဖို့ အပူတပြင်း တောင်းဆိုတာ ခံနေရတဲ့ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန်နဲ့ ပတ်သက်လို့တော့ မိုဒီက ထည့်သွင်း ပြောဆိုသွားတာမျိုး မရှိပါဘူး။
စာမေးပွဲမေးခွန်းတွေ ပေါက်ကြားတယ် ဆိုတာဟာ ပေါ့ပေါ့တန်တန် သဘောထားရမယ့် ကိစ္စမဟုတ်မှန်း သူကောင်းကောင်း နားလည်ကြောင်း၊ သိန်းပေါင်းများစွာသော ကျောင်းသူကျောင်းသားတွေနဲ့ မိဘအုပ်ထိန်းသူတွေ ထိခိုက်နစ်နာခဲ့ကြတာကို သိရှိကြောင်းလည်း မိုဒီက ဆိုပါတယ်။
အခုသီတင်းပတ် အစောပိုင်းတုန်းကတော့ မိုဒီက နိုင်ငံရဲ့ စာမေးပွဲ စနစ်မှာ မရိုးမသား ဖြစ်ရပ်တွေ ပေါ်ပေါက်မလာအောင် တခြားနိုင်ငံရေး အင်အားစုတွေနဲ့ ပေါင်းစည်းပြီး အစီအမံသစ်တွေ အကောင်အထည်ဖော်ဖို့ အစိုးရက စီစဉ်နေကြောင်း မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ကိုးကား: Times of India

















































