အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
အမေရိကန်ရဲ့ ဩဇာကြီးမားတဲ့ သတင်းဌာနကြီး တစ်ခုဖြစ်တဲ့ ဝါရှင်တန်ပို့စ်က ပြီးခဲ့တဲ့လမှာ ထရမ့်က လူမသိအောင် တိတ်တိတ်ဆိတ်ဆိတ် လေယာဉ်ဘယ်လို ပြောင်းစီးခဲ့သလဲဆိုတဲ့ သတင်းကို ဩဂုတ် ၁၁ ရက်နေ့မှာ ဖွင့်ချလာတာ ဖြစ်ပါတယ်။
တူရကီနိုင်ငံမှာ NATO မဟာမိတ်အဖွဲ့ ထိပ်သီး ညီလာခံ တက်ရောက်ခဲ့တဲ့နောက် ဇူလိုင် ၈ ရက်နေ့၊ အန်ကာရာမြို့ နိုင်ငံတကာ လေဆိပ်မှာ လူတွေ အများကြီး ရှေ့မှာတင် ထရမ့်က လေယာဉ် ပြောင်းစီးခဲ့တာလို့ ဆိုပါတယ်။
ထရမ့်ဟာ သတင်းထောက်တွေ အများကြီး ရှေ့မှာတင် သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ်ကို ပုံမှန် လှေကားကနေ တက်သွားခဲ့တယ်လို့ ဝါရှင်တန်ပို့စ်က ရေးသားထားပါတယ်။ အဲဒီနောက် လေယာဉ်ကိုယ်ထည် တစ်ဖက်ခြမ်း တံခါးပေါက်ကနေ အစားအသောက်တွေ တင်ပေးနေတဲ့ ထရပ်ကားပေါ်ကို ထရမ့်က ပြန်ဆင်းသွားခဲ့ပါတယ်။ အဲဒီထရပ်ကားကပဲ အနားမှာ ရပ်ထားတဲ့ ပိုသေးတဲ့ C-32A လေယာဉ်ဆီ လျှို့လျှို့ဝှက်ဝှက် ပို့ဆောင်ပေးခဲ့ပါတယ်။

Public Service Announcement
ပြီးတော့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က အများရှေ့မှာပဲ C-32Aပေါ် တက်သွားခဲ့ပြီး မကြာခင် လေယာဉ်လည်း ပျံတက်သွားခဲ့ပါတယ်။ ဒါဟာ ပုံမှန် စီစဉ်ထားတဲ့ ပျံသန်းမှု ခရီးစဉ် တစ်ခုအဖြစ် ထင်မြင်ရအောင် လှည့်စားထားတဲ့ သဘောပါ။
C-32Aက ဗြိတိန်နိုင်ငံကို ကြိုတင်ရောက်ရှိပြီး ထရမ့်က လေဆိပ်မှာ စောင့်နေခဲ့ပါတယ်။ ထရမ့်မပါလာဘဲ ပျံသန်းလာတဲ့ Air Force Oneက နောက်မှ ရောက်လာခဲ့ပါတယ်။ အဲဒီနောက် ထရမ့်က Air Force Oneပေါ် လျှို့လျှို့ဝှက်ဝှက် ပြန်တက်သွားခဲ့ပြီး နောက်တော့မှ မီဒီယာတွေ အများအပြား ရှေ့မှောက်မှာ ပင်မလှေကားအတိုင်း ပြန်ဆင်းလာပြခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်ကမှတဆင့် ထရမ့်ဟာ နောက်ထပ် Air Force One တစ်စီးပေါ်ကို ပြောင်းလဲလိုက်ပါပြီး အမေရိကန်ဆီ ပြန်သွားခဲ့ပါတယ်။
ဝါရှင်တန်ပို့စ်ရဲ့ အဆိုအရ အဲဒီတုန်းက Air Force Oneပေါ်မှာ ထရမ့်ပါမလာခဲ့ဘူး ဆိုတာကို သတင်းထောက်တွေရော၊ အိမ်ဖြူတော် ဝန်ထမ်းတချို့ပါ သတိမထားမိခဲ့ဘူးလို့ သိရပါတယ်။
အခုလို တကူးတက လျှို့လျှို့ဝှက်ဝှက် လေယာဉ် ပြောင်းစီးရတဲ့ အကြောင်းရင်းကတော့ တူရကီ တဝိုက်မှာ Air Force One ပျံသန်းနေချိန်မှာ အီရန်က ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်လာနိုင်ခြေ မြင့်မြင့်မားမား ရှိနေတဲ့ ထောက်လှမ်းရေး သတင်းကြောင့်လို့လည်း ဆိုပါတယ်။ တူရကီမှာ ရှိနေချိန် အတောအတွင်း ထရမ့်က သူဟာ အီရန်ရဲ့ အပြတ်ရှင်းချင်သူတွေ စာရင်းတိုင်းမှာ ထိပ်ပိုင်းက ပါဝင်နေတယ်လို့ မှတ်ချက် ပေးခဲ့ဖူးပါတယ်။
ထရမ့်က တူရကီမှာ လျှို့လျှို့ဝှက်ဝှက်နဲ့ လေယာဉ်ပြောင်းစီးခဲ့တယ်ဆိုတဲ့ သတင်းတွေအပေါ် အိမ်ဖြူတော်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ထောက်လှမ်းရေး အေဂျင်စီတွေကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဘာမှ မဖြေကြားဘဲ အိမ်ဖြူတော်ဆီ ဆက်သွယ်မေးမြန်းဖို့ပဲ အကြောင်းပြန်ခဲ့ပါတယ်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်တဲ့ စတီဗန်ချွန်းကတော့ ဒီကိစ္စကို တိုက်ရိုက် ရည်ညွှန်းခြင်း မရှိဘဲ သမ္မတ မကြာသေးခင်က ပြောခဲ့သလိုပဲ သူ့ကို ပစ်မှတ်ထားနေတဲ့ အမေရိကန်ရဲ့ ရန်သူတွေ အများကြီး ရှိကြောင်း၊ ဒါကြောင့်လည်း အဲဒီခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အမေရိကန်ဟာ ပိုင်ဆိုင်ထားသမျှ အရင်းအမြစ် အားလုံးကို အသုံးချနေကြောင်း ပြောကြားခဲ့ပါတယ်။
ဝါရှင်တန်ပို့စ်ရဲ့ အဆိုအရ တူရကီကနေ ပြန်လည် ထွက်ခွာလာချိန်မှာ Air Force Oneကို အီရန်က ဒုံးကျည်နဲ့ လှမ်းပစ်နိုင်ခြေ ရှိတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းဟာ အများကြီး ခိုင်မာပြီး ယုံကြည်ရတယ်လို့ သမ္မတရဲ့ ကိုယ်ရံတော်အဖွဲ့ လျှို့ဝှက် လုံခြုံရေး အေဂျင်စီက အလေးအနက် ယုံကြည်ခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့်လည်း တူရကီကနေ ထွက်ခွာမယ့် အချိန်မှာ ကာတာက လက်ဆောင်ပေးပြီး တခမ်းတနား ပြင်ဆင်မွမ်းမံထားတဲ့ Air Force One လေယာဉ်သစ်အစား အရင်သုံးခဲ့ဖူးတဲ့ Air Force One အဟောင်း တစ်စီးကို အသုံးပြုခဲ့တာလို့လည်း ဆိုပါတယ်။ Air Force One အသစ်ဟာ ဇိမ်ခံအသုံးအဆောင်တွေနဲ့ တခမ်းတနား ပြင်ဆင်ထားပေမယ့် အဟောင်းတွေမှာလိုမျိုး ဒုံးကျည် ကာကွယ်ရေး စနစ်တွေ မတပ်ဆင်ရသေးဘူးလို့ လုံခြုံရေးဌာန သတင်းရင်းမြစ် တချို့က ပြောပါတယ်။ ထရမ့်ကတော့ ရှေးဟောင်းနှောင်းဖြစ်ကို သတိရလို့ လေယာဉ်အဟောင်းကို သုံးခဲ့တာပါလို့ ပြောခဲ့ပြီး ဗြိတိန်အရောက်မှာတော့ သူဟာ Air Force One အသစ်ဆီ ပြောင်းလဲစီးနင်းပြီး အမေရိကန်ကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: BBC

















































