Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် လေကြောင်းတိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီက ကျေးရွာ၂ရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံအချို့အား တွေ့ရစဥ်။ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီက ကျေးရွာ၂ရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ ပင့်သာတိုက်နယ်၊ပင်းတဲရွာအား စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မိတ္ထီလာလေတပ်မှ Jet Fighterတစ်စီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ နေအိမ် ၄လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ည ၈ နာရီခွဲခန့်ကလည်း ပင့်သာတိုက်နယ်၊ မကျီးကုန်းရွာဘုန်းကြီးကျောင်းအား Y12 ထောက်ပို့ယာဉ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်တစ်ဆောင် ပျက်စီးခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။

“အဲရွာတွေက အရင်ရက်က အပစ်ခံရတဲ့ရွာတွေနဲ့ မနီးပါဘူး။ကန့်ဘလူ မြောက်ခြမ်းပိုင်းပါ။ လူအထိအခိုက်တော့မရှိဘူး။”ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“ပြည်သူထိခိုက်မှု မရှိတာ ရွာထဲ လူမနေတာ တစ်နှစ်ကျော်ပြီ။ အဲဒါကြောင့် အထိအခိုက်မရှိတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် စက်တင်ဘာ ၂၇ ရက်ကလည်း ကန့်ဘလူမြို့နယ်အား နှစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း အာဏာသိမ်းစစ်တပ်၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် ကန့်ဘလူမြို့နယ်တွင် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၆ဦး သေဆုံးခဲ့သည်။

စက်တင်ဘာ ၂၇ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ ရေရှင်ကြီးရွာအား ဒရုန်းဖြင့် ဗုံးသီး၃ လုံးချ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခရီးသွားအမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

တချိန်တည်းမှာပင် အောင်တိုင်းလယ်ကျေးရွာကိုပါ ​ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အသက်(၅၀) ကျော်အရွယ် ဒေါ်ရွှေဆိုသူ ထိမှန်သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းကလည်း မှန်နီပင်ရွာအား ဒရုန်းဖြင့် ဗုံးသီး ၂လုံးချတိုက်ခိုက်ခဲ့ရာ (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၄ဦး သေဆုံးခဲ့သည်။

ထို့အပြင် ပြည်သူ ၇ ဦးထက်မနည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပြီး စံပါယ်နံ့သာကေိးရွာအနီးရှိ ကျေးရွာများလည်း အရေးပေါ်ရှောင်တိမ်းနေရကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပြည်သူများကိုသာ ပစ်မှတ်ထား၍ ရွာစဉ်လှည့်ကာ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။