Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လော့စ်အန်ဂျလိစ် တောမီးတွေကြောင့် သေဆုံးသူ ၅ ဦးထိ ရှိလာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လော့စ်အန်ဂျလိစ်မြို့ တဝိုက်မှာ ပျံ့နှံ့ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးသူ ၅ ဦးထက်မနည်း ရှိလာခဲ့ကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လော့စ်အန်ဂျလိစ်မြို့ တဝိုက်မှာ ပျံ့နှံ့ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးသူ ၅ ဦးထက်မနည်း ရှိလာခဲ့ကြောင်း သိရပါတယ်။

အခုသီတင်းပတ် အစောပိုင်းက လော့စ်အန်ဂျလိစ် ဆင်ခြေဖုံး ဧရိယာတွေမှာ စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးတွေဟာ နေရာအနှံ့ ပျံ့နှံ့ ရောက်ရှိကုန်ပြီး ဧကပေါင်း ၂၅၀၀၀ ကျော်ကို ဝါးမျိုဖျက်ဆီးပစ်ခဲ့သလို လူနေအိမ်ခြေတွေနဲ့ အဆောက်အအုံပေါင်း ၁၀၀၀ ကျော်လည်း ပြာကျခဲ့ပြီး ဖြစ်ပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ ညပိုင်းမှာ ပထမဆုံး အသေအပျောက် စာရင်းကို ရရှိခဲ့တဲ့နောက် နာရီပိုင်းအတွင်း သေဆုံးသူ ဦးရေဟာ ၅ ယောက်ထိ မြင့်တက်လာခဲ့တာပါ။

လော့စ်အန်ဂျလိစ် တဝိုက်မှာ တောမီးတွေ ပျံ့နှံ့နေတဲ့အထဲ ပါလီဆာဒက်စ်နဲ့ အီတွန် ဧရိယာတွေမှာ လောင်ကျွမ်းနေတဲ့ မီးတွေကတော့ အပြင်းထန်ဆုံး ဖြစ်ပါတယ်။ အဲဒီ တောမီးတွေကို တချို့နေရာတွေမှာ တစ်နာရီ ၁၁၂ ကီလိုမီတာနှုန်းလောက်ထိ အားကောင်းတဲ့ လေတိုက်ခတ်မှုတွေက မီးလောင်ရာလေပင့်သလို ဖြစ်နေစေပါတယ်။

Public Service Announcement

Public Service Announcement

လေက အရမ်းပြင်းတာကြောင့် မီးသတ်လေယာဉ်တွေ ပျံသန်းပြီး မီးငြှိမ်းသတ်ရတဲ့ လုပ်ငန်းက အရမ်း အန္တရာယ် များလာစေတယ်လို့လည်း ဆိုပါတယ်။ အကျိုးဆက်အဖြစ် မီးကို ထိထိရောက်ရောက် ထိန်းချုပ်ဖို့ အားထုတ်မှုတွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။

လော့စ်အန်ဂျလိစ်မှာတော့ မီးအန္တရာယ် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပြီး ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်က မီးသတ်လုပ်ငန်းအတွက် မီးသတ်တပ်ဖွဲ့ဝင် ၁၄၀၀ ဖြန့်ကျက်ထားကြောင်း ပြောပါတယ်။ အော်ရီဂွန် ပြည်နယ် အစိုးရကလည်း တောမီးကို ကူညီငြှိမ်းသတ်ဖို့အတွက် မီးသတ်ဝန်ထမ်း ၂၄၀ နဲ့ မီးသတ်ကား အစီး ၆၀ တို့ကို ကူညီ ပေးပို့ထားခဲ့ပါတယ်။

လော့စ်အန်ဂျလိစ် မီးသတ်ဌာနဟာ ခွင့်ယူထားတဲ့၊ ဒါမှမဟုတ် နားရက်ရနေတဲ့ မီးသတ်ဝန်ထမ်း အားလုံးကိုလည်း အမြန်ဆုံး ပြန်လာဖို့ အရေးတကြီး ဆင့်ခေါ်ထားပါတယ်။

လော့စ်အန်ဂျလိစ်ရဲ့ သမိုင်းကြောင်းမှာ အဆိုးဆုံး ကြုံတွေ့ခဲ့တဲ့ တောမီးတွေကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ ဒေါ်လာ ၅၂ ဘီလီယံနဲ့ ၅၇ ဘီလီယံကြားထိ ရှိနိုင်ပြီး လူပေါင်း ၇၀၀၀၀ ကျော်ဟာ အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့လည်း သိရပါတယ်။ တောမီးဟာ လော့စ်အန်ဂျလိစ် တဝိုက်က လူဦးရေ ထူထပ်ရာ ကာဆာဘလန်ကာနဲ့ ဆန်တာမော်နီကာတို့လို ဧရိယာတွေဆီကိုလည်း ခပ်မြန်မြန် ဦးတည် ရွေ့လျားနေပါတယ်။

အဲဒီ ဧရိယာတွေဟာ အမေရိကန်ရဲ့ နာမည်ကျော် အနုပညာရှင်တွေ နေထိုင်လေ့ရှိတဲ့ နေရာတွေ ဖြစ်ပြီး လောလောဆယ် မီးကြောင့် ရွှေ့ပြောင်းရသူတွေထဲမှာ မက်ခ်ဟာမီးလ်၊ မန်ဒီမိုးနဲ့ ဂျိမ်းစ်ဝုဒ်တို့လို ကြယ်ပွင့်တွေ ပါဝင်နေပါတယ်။

တောမီးတွေကြောင့် ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ နေအိမ်ပေါင်း ၁.၅ သန်းလောက်လည်း လျှပ်စစ်ဓာတ်အားတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ လော့စ်အန်ဂျလိစ်ကို ကိုယ်တိုင် ရောက်ရှိလာခဲ့ပြီး ဇန်နဝါရီ ၈ ရက်နေ့မှာ ပြည်နယ် အုပ်ချုပ်ရေးမှူး နယူဆွမ်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ သမ္မတဟာ လော့စ်အန်ဂျလိစ် မြို့တော်ဝန် ကာရန်ဘက်စ်နဲ့လည်း ဖုန်းဆက်ပြီး စကားပြောခဲ့တယ်လို့ သိရပါတယ်။

ဘိုင်ဒန်က တောမီးကို ငြှိမ်းသတ်ပြီးနောက်ပိုင်း ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်ဖို့အတွက် အတော်လေး အချိန်ယူရနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ ပြည်သူတွေ တောမီးကြောင့် အခက်ကြုံနေချိန် သမ္မတက သူတို့နဲ့အတူ တစ်သားတည်း ရှိတယ်ဆိုတာ ပြသဖို့ အရေးကြီးကြောင်း၊ အမေရိကန် အစိုးရဟာ မီးဘေးသင့် ဧရိယာတွေမှာ တောမီး ငြှိမ်းသတ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် အစွမ်းရှိသမျှ ပံ့ပိုးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုးကား: Express

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။