ဧပြီ၁၊၂၀၂၅။ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၈)နယ်မြေ မိုးညှင်းခရိုင်အတွင်း တနေရာကို စစ်ကောင်စီက ယမန်နေ့ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုထိခိုက်သေဆုံးမှုများပြားကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။
“တပ်မဟာ(၈)နယ်မြေ မိုးညှင်းခရိုင်။ ထိခိုက်သေဆုံးမှုရှိ။ တိုက်ပွဲမရှိဘဲ လာပစ်သွားတာ။ ၃၈ဦးသေ၊ ၂၈ဦးထိခိုက်”ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို အတည်ပြုသည်။
မတ်လ ၃၁ရက် ညနေပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဉ် ၂စီးဖြင့်လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
” အယောက် ၃၀ လောက်သေဆုံးထိခိုက်ဒဏ်ရာရတယ်လို့ တော့ ပြောတယ်။ ဒါပေမဲ့ စုံစမ်းနေဆဲ အပြည့်အစုံတော့မသိရသေးဘူး”ဟု အခြား ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီသည် မတ်လ ၂၉ရက်နှင့် ၃၀ရက်ကလည်း KIA မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဗန်းမော်မြို့ကို နှစ်ရက်ဆက် လေကြောင်း တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီသည် ယမန်နေ့ညကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နှင့် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီသည် နိုင်ငံ၌ ငလျင်ဘေးဆိုးရွားစွာကြုံနေရချိန် တိုက်ပွဲဖြစ်ပွားသည့် နေရာများသာမက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကိုလည်း လေကြောင်းတိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားသည်။
KIAသည် မတ်လ ၃၁ရက်တွင် တနိုင်း-လီဒိုလမ်းရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ KIA တပ်မဟာ(၂) တပ်ရင်း(၂၀)က KIA ပူးပေါင်းတပ်များသည် မတ်လ ၃၁ရက်တွင် တနိုင်းလမ်းရှိ လဝါးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၊ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်များအား တိုက်ခိုက်အနိုင်ရရှိခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက ယနေ့ )ဧပြီ ၁ရက်)နံနက် သတင်းဖော်ပြသည်။
တိုက်ပွဲအတွင်း အရေးနိမ့်သွားသည့် စစ်ကောင်စီတပ်သည် ကားမိုင်းဘက်သို့ တပ်ဆုတ်သွားကြောင်း အသိပေးသည်။
တနိုင်း-လီဒိုလမ်းရှိ လဝါးကျေးရွာတွင် မတ်လ ၂၁ရက်တွင် မင်းဇေသန့်အဖွဲ့က လဝါးကျေးရွာအတွင်း ထိုးစစ်ဆင်ဝင်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ မတ်လ ၂၅ရက်တွင် လဝါးဘက်သို့ မရန်ကထောင်ဂိတ်နှင့် ကားမိုင်းဗျူဟာကုန်းရှိ စစ်ကောင်စီတပ်များ အင်အားထပ်မံ တိုးမြှင့်ခဲ့သော်လည်း ယမန်နေ့တွင် KIAက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“လဝါးစခန်းက နဂိုရ်တုန်းက KIA ရှိတဲ့ စခန်းဖြစ်တယ်။ အဲဒါ ဟိုတနေ့က မင်းဇေသန့် ပြည်သူ့စစ်ရော တပ်က အင်အား ၄၀၀ လောက်နဲ့ ဝင်တိုက်တာ။ အဲဒီမှာ KIAက အယောက် ၃၀လောက်ပဲရှိတယ်။ သူတို့က အင်အား ၄၀၀နဲ့ ဝင်တိုက်တယ်ဆိုတော့ ကျနော်တို့က နောက်ဆုံးပေးရတာပေါ။ အခုက KIA ပြန်ပြီးမှ ဝင်တိုက်တဲ့အချိန် သူတို့ ပြန်နောက်ဆုတ်တာပေါ့”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
မိုင်းညှင်းခရိုင်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ ကချင်ဒေသ စစ်ရေးအခြေအနေများ မေးမြန်းနိုင်ရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ပြည်သူများ သေဆုံးဝမ်းနည်း၍ဆိုကာ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဧပြီ ၆ရက်အထိ ၇ရက်ကြာ သတ်မှတ်ကြေညာထားသော်လည်း အရပ်သား ပြည်သူလူထု သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည့် လေကြောင်း တိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်။


















































