Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တင်းမာမှုတွေ မြင့်တက်နေတဲ့ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးကို ဆက်သွယ်ထားတယ်လို့ အမေရိကန်ပြော

နှစ်နိုင်ငံကြား ဖြစ်ပေါ်နေတဲ့ လက်ရှိ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှုရှိရှိ ဖြေရှင်းကြဖို့ အိန္ဒိယနဲ့ ပါကစ္စတန် အစိုးရတွေကို ဆက်သွယ် တိုက်တွန်းထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

Reuters

နှစ်နိုင်ငံကြား ဖြစ်ပေါ်နေတဲ့ လက်ရှိ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှုရှိရှိ ဖြေရှင်းကြဖို့ အိန္ဒိယနဲ့ ပါကစ္စတန် အစိုးရတွေကို ဆက်သွယ် တိုက်တွန်းထားကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းက အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသမှာ ပစ်ခတ်မှု တစ်ခုကြောင့် အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည် ၂၅ ဦးနဲ့ နီပေါ နိုင်ငံသား ၁ ဦး သေဆုံးခဲ့ပါတယ်။ ကက်ရှ်မီးယားဟာ အာရှတောင်ပိုင်းက နျူကလီးယား လက်နက်ပိုင် နှစ်နိုင်ငံကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒေသဖြစ်ပြီး အစိတ်အပိုင်း အများစုကို အိန္ဒိယက ထိန်းချုပ်ထားပါတယ်။

အခုတိုက်ခိုက်မှုဟာ ပါကစ္စတန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကက်ရှ်မီးယား ခွဲထွက်ရေး အင်အားစုတွေ လက်ချက်လို့ အိန္ဒိယက စွပ်စွဲပြီး ပါကစ္စတန်ကို သံတမန်ရေးအရ ရန်လိုတဲ့ တုံ့ပြန်မှုတွေ ကျင့်သုံးလာသလို နှစ်နိုင်ငံ နယ်ခြားစောင့် စစ်တပ်တွေကြား အပြန်အလှန် ပစ်ခတ်မှု သတင်းတွေပါ ထွက်ပေါ်လာပါတယ်။ ပါကစ္စတန်ကတော့ အိန္ဒိယဖက်က စွပ်စွဲမှုတွေကို ငြင်းပယ်ထားပါတယ်။

စစ်ပွဲဖြစ်ပွားခဲ့ဖူးသလို ကက်ရှ်မီးယားကို ဗဟိုပြုတဲ့ တင်းမာမှုတွေ အရင်ကလည်း ကြုံတွေ့ဖူးတဲ့ နှစ်နိုင်ငံကြားက လက်ရှိ ပြဿနာဟာ ပိုမိုဆိုးရွားလာနိုင်ခြေတွေ ရှိနေတဲ့အပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၇ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အိန္ဒိယရော၊ ပါကစ္စတန်ကိုပါ ဆက်သွယ်ခဲ့ကြောင်း၊ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူမှုရှိတဲ့ ဖြေရှင်းချက်မျိုး ဝိုင်းဝန်းရှာဖွေကြဖို့ တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်သွားပါတယ်။

အမေရိကန် အစိုးရဟာ လက်ရှိဖြစ်ရပ်မှာ အိန္ဒိယဖက်က စာနာရပ်တည်ကြောင်း တရားဝင် ထုတ်ဖော်ပြသထားပေမယ့် အရပ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ ပါကစ္စတန် လက်ချက်လို့ အပြစ်တင် စွပ်စွဲတာလည်း မရှိပါဘူး။

ပါကစ္စတန် အစိုးရဟာ အခုဖြစ်စဉ်နဲ့ ဘယ်လို ဆက်နွှယ် ပတ်သက်မှုမှ မရှိဘူးလို့ အခိုင်အမာ ငြင်းချက်ထုတ်ထားပါတယ်။ အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယား ဒေသထဲက သဘာဝ ရှုမျှော်ခင်းတွေနဲ့ လှပတဲ့ ပါဟယ်လ်ဂမ် မြို့နားက တိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်လို့ ကက်ရှ်မီးယား တော်လှန်ရေးတပ်ဦး (KRF)ဆိုတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ထားပါတယ်။ အဲဒီ အဖွဲ့ဟာ ၂၀၁၉ ခုနှစ်မှာ ပေါ်ပေါက်လာပြီး သက်တမ်းနုနယ်သေးသလို လူသိလည်း နည်းပါတယ်။ အိန္ဒိယ အစိုးရကတော့ KRFကို အကြမ်းဖက် အဖွဲ့တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိကတော့ ပါကစ္စတန်နဲ့ အိန္ဒိယ အစိုးရတွေဆီ ကွဲပြားတဲ့ အဆင့်အသီးသီးကနေ ဆက်သွယ်ပြီး တာဝန်ယူမှုရှိတဲ့ ဖြေရှင်းမှု တစ်ခုအတွက် အတူလုပ်ဆောင်ကြဖို့ တိုက်တွန်းထားတယ်လို့ Reuters သတင်းဌာနဆီ အီးမေးလ်နဲ့ မှတ်ချက်ပေးထားပါတယ်။

အဲဒီ အရာရှိက ပါဟယ်လ်ဂမ်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို အမေရိကန်က ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အိန္ဒိယနဲ့အတူ ရပ်တည်တယ်လို့လည်း ဆိုပါတယ်။

အစောပိုင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်တို့ကလည်း အခုဖြစ်စဉ်မှာ အိန္ဒိယကို စာနာထောက်ခံကြောင်း အသီးသီး ထုတ်ဖော် ပြောဆိုထားခဲ့ကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။