ဇူလိုင်-၁၂၊၂၀၂၅။မိထက်/People’s Spring
မြင်းမူမြို့ နှင့် မြောင်မြို့ကြားဧရာဝတီမြစ်အတွင်းစစ်ကောင်စီ၏ရေနံတင်သင်္ဘောတစ်စီးနစ်မြုပ်ပြီး ရေယာဉ်ပေါ်ပါသူ ဌာနဆိုင်ရာဝန်ထမ်းနှစ်ဦးသေဆုံးခဲ့သည်။
ဇူလိုင်လ ၈ရက်နေ့က မြင်းမူမှထွက်လာသော ရေနံတင်သင်္ဘောသည် မြောင်မြို့နယ်ထဲအရောက်တွင် တိမ်းစောင်းပြီး မှောက်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“မြင်းမူကနေစုန်လာပြီးမြောင်ကရွှေပေါက်ပင်ရွာနားမှာ တစောင်းကြီးဖြစ်ပြီးမှောက်တာ။ သင်္ဘောပေါ်ကနှစ်ယောက်သေတယ်။ နှစ်ရက်လောက်နေမှ အလောင်းပေါ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
သင်္ဘောတိမ်းမှောက်စဥ် အနီးဝန်းကျင်ကျေးရွာရှိပြည်သူများက သင်္ဘောပေါ်ပါသူများကိုကယ်တင်ရန်ကြိုးစားခဲ့ကြသော်လည်း ထို ၂ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဇူလိုင်လ၉ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သင်္ဘောမြုပ်သည့်နေရာအနီး သို့ရောက်လာပြီး ရုပ်အလောင်းများရှာဖွေခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာ၍ ဒေသခံများက ယင်းနေရာသို့မသွားတော့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ယနေ့ ဇူလိုင်လ ၁၂ရက်၌ ပြောသည်။
အဆိုပါသင်္ဘောပေါ်တွင် မာလိန်မှူးအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းသုံးဦးလည်းပါဝင်လာကြောင်းသိရပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူအရေအတွက်ကိုအတိအကျမသိနိုင်ကြောင်းအထက်ပါကာကွယ်ရေးရဲဘော်ကပြောသည်။
အဆိုပါသင်္ဘောသည် ပုဂ္ဂလိကပိုင်မဟုတ်ဘဲ စစ်ကောင်စီက သယ်ဆောင်ခိုင်းသည့် ရေနံများဖြစ်ကြောင်း မြင်းမူမြို့ခံအချို့ကပြောသည်။ အသေးစိတ်အတည်ပြုနိုင်ခြင်းမရှိသေးပေ။
လက်ရှိအချိန်တွငဧရာဝတီ နှင့် ချင်းတွင်းမြစ်ရေတက်နေပြီး စစ်ကောင်စီက ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီတပ်ရင်းများသို့ ရေကြောင်းမှတစ်ဆင့် လူအင်အားများ၊ လက်နက်ခဲယမ်းများပို့ဆောင်နေသည်။စစ်ကောင်စီရေယာဥ်အုပ်စုသည်ချင်းတွင်းမြစ်ကြောင်းတွင်ကနီမြို့အနီးရောက်ရှိနေပြီးဧရာဝတီမြစ်ကြောင်းတွင် ချောက်မြို့အနီးသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။




















































