ဇူလိုင်-၂၈၊၂၀၂၅။ People’s Spring
ကရင်ပြည််နယ်၊မြဝတီမြို့တောင်ဘက်က ဝေါလေဗျူဟာကုန်းကို စစ်ကောင်စီကလေကြောင်းကနေ ပေးပို့တဲ့ ဒရုန်းနဲ့ ရိက္ခာထုပ်အချို့ရရှိတယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။
ဒရုန်းအသစ်စက်စက်တစ်စီးနဲ့ ကော်ဖီ၊လက်ဖက်၊ဆေးလိပ်တွေပါတဲ့ ရိက္ခာထုပ်အချို့ကို ဇူလိုင် ၂၆ ရက် ညနေပိုင်းက ရရှိခဲ့တာလို့ သိရပါတယ်။
“အလှူလေးတဖြတ် လတ်လတ်ဆက်ဆက်လေး။အသစ်လေး။စိတ်မကောင်းဘူး အဘရေ”လို့ ဗျူ ဟာ(၃၂)က ရဲဘော်ရှိုင်းခန့်သော်က ၎င်းရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်ကနေပြီး ဒရုန်းတစ်စီးရတာကို အသိပေးထားပါတယ်။

Public Service Announcement
ဗျူဟာ (၃၂) ပူးပေါင်းစစ်ကြောင်းမှာ ကျားသစ်နက် ၊ Cobraနဲ့ Venomစစ်ကြောင်းတွေပါပြီး ဗိုလ်မှူးဒါဘောက ဦးဆောင်နေတာဖြစ်ပါတယ်။
“မနေ့က ဒရုန်းရော ရိက္ခာခြောက်တွေကို ရတာ။Y 12နဲ့ လာချတာ။စုစုပေါင်း လေထီးနဲ့ချတဲ့အထုပ် က ခြောက်ခုလောက်တော့ရှိတယ်”လို့ ဝေါလေဗျူဟာကုန်းကို ပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဝေါလေဗျူဟာမှာ အင်အား ၅၀၀ဝန်းကျင်နဲ့ စခန်းကုန်းနှစ်ခု၊ ကာကင်းစခန်းငါးခု ပြုလုပ်ပြီး စစ်ကောင်စီက ခုခံနေတယ်လို့လည်း သိရပါတယ်။
ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မတ်လကစပြီး KNU/KNLA တပ်ဖွဲ့ စစ်ရေးဦးဆောင်မှုနဲ့ Force for Federal Democracy – FFD တပ်ဖွဲ့၊ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေဟာ တောင်းပိုင်းစစ်မျက်နှာတစ်လုံးက စစ်ကောင်စီတပ်စခန်းတွေအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်အနီးက စစ်ကောင်စီရဲ့ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း များ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဇွန်လ ၃ရက်နေ့က သေ့ဘောဘိုးစခန်း၊ ဇွန်လ ၂၂ရက်မှာ ထီးကပလယ်စခန်း၊ ဇူလိုင် ၁၂ ရက်မှာ ဥကရစ်ထစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။
မြဝတီမြို့တောင်ဘက်က မြန်မာ-ထိုင်းနယ်စပ်မှာ တော်လှန်ရေးတပ်တွေသိမ်းပိုက်ဖို့ ဝေါလေဗျူဟာ နှင့် တီသဲလယ်ကာကင်းစခန်း နှစ်ခုတည်းကျန်နေတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းက နေ ဗုံးကြဲတာ ၊ရိက္ခာပို့တာတွေအပြင် ကာမီကာဇေအသေခံဒရုန်းတွေ အသုံးပြုနေပါတယ်။
ဇူလိုင် ၂၂ရက်က စစ်ကောင်စီရဲ့ ကာမီကာဇေဒရုန်းတစ်စီး ထိုင်းနိုင်ငံဘက်ကိုကျလို့ မြန်မာဘက်ကို တရားဝင်ကန့်ကွက်စာပေးပို့ခဲ့တယ်လို့ အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထိုင်းသတင်း တွေမှာ ဖော်ပြထားပါတယ်။





















































