Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာပြည်သူတွေအတွက် တရားမျှတမှု မရမချင်း အခြားနေရာတွေမှာလည်း အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုသံသရာ ဆက်ရှိနေလိမ့်မယ်လို့ SAC-M ပြော

ရိုဟင်ဂျာပြည်သူတွေအတွက် တရားမျှတမှု မရမချင်း မြန်မာနိုင်ငံနဲ့ အခြားနေရာတွေမှာလည်း အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုသံသရာ ဆက်ရှိနေလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M) က ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၇ သြဂုတ် ၂၅ ရက် စစ်တပ်အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာပြည်သူများ နေရပ်စွန့်ခွာစဥ်။ ဓာတ်ပုံ - Anadolu Ajans

သြဂုတ်-၂၅၊ ၂၀၂၅။ လီလီယန်/People’s Spring

ရိုဟင်ဂျာပြည်သူတွေအတွက် တရားမျှတမှု မရမချင်း မြန်မာနိုင်ငံနဲ့ အခြားနေရာတွေမှာလည်း အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုသံသရာ ဆက်ရှိနေလိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M) က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာပြည်သူတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ၈ နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ SAC-M က ထုတ်ပြန်ခဲ့တာပါ။

“ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူတွေနဲ့ ကြိုးကိုင်အမိန့်ပေးသူတွေ ဖြစ်တဲ့ မြန်မာစစ်တပ်ဟာ ဒီနေ့အထိ ပြစ်ဒဏ်ကင်းလွတ်ခွင့်အပြည့်နဲ့ လုပ်ချင်ရာ လုပ်လို့ရနေတုန်းပါပဲ”လို့ SAC-M မှ မစ္စတာမာဇူကီဒါရူစမန်က ပြောပါတယ်။ အရင်က ရိုဟင်ဂျာပြည်သူတွေ ကြုံခဲ့ရတဲ့ အခြေအနေဆိုးတွေကို အခုတစ်နိုင်ငံလုံးမှာ ကြုံတွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

လွန်ခဲ့တဲ့ ၈ နှစ်က စစ်တပ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မီးရှို့ခြင်း၊ မုဒိန်းကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူမျိုးစုသုတ်သင်ရှင်လင်းခြင်း လုပ်ရပ်တွေကို အဖွဲ့အစည်းလိုက် စနစ်တကျကျူးလွန်ခဲ့ရာ အဲဒီဖြစ်စဉ်တွေအတွင်း ရိုဟင်ဂျာပြည်သူ ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပါတယ်။ လူပေါင်း ၇၅၀,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးခဲ့ရပြီး ယခင် လူမျိုးရေးဖိနှိပ်သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူတွေနဲ့ သွားရောက်ပေါင်းစည်း နေထိုင်ခဲ့ရကြောင်း SAC-M က ဖော်ပြပါတယ်။

မြန်မာစစ်အုပ်စုဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့ပြီးနောက် နိုင်ငံတဝှမ်းမှာ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်လာခဲ့ကာ မြေလှန်ဖျက်ဆီးရေးဗျူဟာကို အသုံးပြုပြီး ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာခဲ့တာကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးသူ ၃.၃ သန်းကျော်အထိ ရှိလာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄ ခုနှစ်ကစလို့ ရိုဟင်ဂျာပြည်သူ အနည်းဆုံး ၁၅၀,၀၀၀ ခန့် ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့ရပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ကျဉ်းကျပ်စွာနေထိုင်နေရတဲ့ ရိုဟင်ဂျာပြည်သူ တစ်သန်းကျော်နဲ့အတူ သွားရောက်ပေါင်းစည်း နေထိုင်ခဲ့ရတယ်လို့ SAC-M က ဖော်ပြပါတယ်။

ရိုဟင်ဂျာပြည်သူတွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က လုပ်ပေးလို့ ရနိုင်တဲ့ အဓိပ္ပာယ်အပြည့်ဝဆုံးအရာတစ်ခုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အခြားမြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးတစ်ခုခု ရှေ့မှောက်ကို ခေါ်လာပေးတာဖြစ်တယ်လို့ SAC-M မှ​ မစ္စတာခရစ်စီဒိုတီက ပြောပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စစ်တပ်က ရိုဟင်ဂျာတွေကို တိုက်ခိုက်ခဲ့တဲ့ ၈နှစ်မြောက်နှစ်ပတ်လည်နေ့မှာ သဘာထားကြေညာချက်ထုတ်ပြန်ခဲ့ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးကူညီဖို့ ဆက်လက် ကတိပြုထားကြောင်း ဖော်ပြပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအပေါ် တာဝန်ခံမှု ရှိစေရေး ကြိုးပမ်းမှုတွေကိုလည်း သြစတြေးလျက အားပေးထောက်ခံကြောင်း ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူတွေကို လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှုအကူအညီ အဟန့်အတားမရှိ ရောက်ရှိဖို့ အချက်တွေကိုလည်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုပါတယ်။

ပိုမိုငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့အတွက် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးနဲ့အတူ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ဖို့လည်း စစ်ကောင်စီကို သြစတြေးလျက တောင်းဆိုပါတယ်။

အဲဒီလို မဖြစ်မနေအရေးပါတဲ့ လုပ်ဆောင်မှုတွေ မရှိဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ ကြီးမားတဲ့မတည်ငြိမ်မှု အန္တရာယ် ဖြစ်စေနိုင်တယ်လို့ သြစတြေးလျက သတိပေးပါတယ်။

သြစတြေးလျအစိုးရဟာ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်ပြီး ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်တဲ့ ဒီမိုကရေစီနည်းကျအရပ်သားအစိုးရဆီ ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းမှုတစ်ခုဖြစ်ဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံအရပ်သားပြည်သူတွေကို စစ်တပ်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး အခု ၂ပတ်အတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးထက်မနည်း ရှိသွားခဲ့ပြီလို့ မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချနိုင်ဖို့ ရည်ရွယ်ထားသူတွေကို တင်ဆောင်သွားတဲ့ လှေတစ်စီး နစ်မြုပ်ပြီး ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေ စုစုပေါင်း ၂၅၀ ဝန်းကျင် ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

သတင်း

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းလိုက်တဲ့ စစ်ရေးမဟာမိတ်အစုအဖွဲ့သစ်ကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က တိုက်တွန်းလိုက်ပါတယ်။