လူသိများတဲ့ နိုင်ငံ ခေါင်းဆောင် ၄ ယောက်ရဲ့ ပုံတူ ရုပ်တုတွေကို Mount Rushmore တောင်ပုံစံ ထွင်းထုပြသထားတဲ့ ဘန်ကောက် စျေးဝယ်စင်တာ တစ်ခုရဲ့ စိတ်ကူးဟာ လူမှုကွန်ရက်တွေပေါ်မှာ အတော်လေး လူပြောများနေပါတယ်။
Mount Rushmore ဆိုတာက အမေရိကန် နိုင်ငံရဲ့ တောင်ပိုင်း ဒါကိုတာ ပြည်နယ်ထဲက ပေ ၆၀ လောက်မြင့်တဲ့ တောင်စောင်း တစ်နေရာကို အမေရိကန် သမ္မတဟောင်း ၄ ဦးရဲ့ မျက်နှာသွင်ပြင်တွေအဖြစ် ထုဆစ်ထားတဲ့ ပန်းပုလက်ရာဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်ခုပါ။ ထိုင်းနိုင်ငံရဲ့ မြို့တော်မှာရှိတဲ့ Seacon Square စျေးဝယ်စင်တာကတော့ Mount Rushmoreရဲ့ စိတ်ကူးကို တုပပြီး လက်ရှိ ကမ္ဘာပေါ်မှာ အငြင်းပွားစရာတွေ အဖန်တီးနိုင်ဆုံး၊ လူသိရှင်ကြား နိုင်ငံခေါင်းဆောင် ၄ ဦးရဲ့ ပုံတူတွေကို ဖန်တီးထားတာ ဖြစ်ပါတယ်။
စူပါမားကက်ထဲက Mount Rushmore ပုံစံတူမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်၊ တရုတ် သမ္မတ ရှီကျင့်ဖျင်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ရဲ့ မျက်နှာတွေကို ထုဆစ်ထားတာ တွေ့နိုင်ပါတယ်။ အဲဒီလို ပုံစံတူ ပန်းပု ထားရှိခြင်းဟာ Somewhere Else the Series – The Summit Camp ဆိုတဲ့ ပရိုမိုးရှင်း အစီအစဉ် တစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
The Summit Campလို့ စာတန်းရေးထိုးထားတဲ့ အဲဒီ ရုပ်တုနားမှာတော့ လာရောက် စျေးဝယ်တဲ့ ဧည့်သည်တွေဟာ အပျော်တမ်း တောင်တက်တာ၊ မြားပစ်တာနဲ့ တခြား စိတ်အပန်းဖြေမှုတွေကို လုပ်ဆောင်နိုင်ပါတယ်။

Public Service Announcement
ဘန်ကောက်ရဲ့ Seacon Squareဟာ လူတွေရဲ့ အာရုံကို ဆွဲဆောင်ဖို့အတွက် ထူးထူးဆန်းဆန်း စိတ်ကူးတွေကို အကောင်အထည် ဖော်လေ့ရှိပါတယ်။ ဥပမာ ဒီနှစ်ထဲမှာ တရုတ်ရဲ့ မဟာတံတိုင်းကြီး ပုံစံတူနဲ့ နိုအာရဲ့ လှေကြီးကို စိတ်ကူးပုံဖော် တည်ဆောက်မှုတွေကို ပြသဖူးပါတယ်။
တကယ့် ထိပ်ထိပ်ကြဲ ခေါင်းဆောင် ၄ ယောက်ကို တစ်နေရာတည်းမှာ အတူစုပြီး တွေ့ရတာက အားကောင်းတဲ့ သတင်းစကား တစ်ခုခုကို ပေးပို့နေသလိုပဲလို့ Mount Rushmoreကို တုပထားတဲ့ ပန်းပုကို ကြည့်ပြီး စျေးဝယ်စင်တာထဲ လာရောက် လည်ပတ်သူ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
စျေးဝယ်စင်တာကတော့ အဲဒီပန်းပုမှာ နိုင်ငံရေး သတင်းစကား တစ်ခုခု ပေးချင်တာမျိုး ဘာမှ မရှိဘဲ လူအများ စိတ်ဝင်စားအောင်ပဲ ဖန်တီးထားခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ တချို့ စျေးဝယ်သူတွေကတော့ Seaconလို အထင်ကရ ထိုင်းကုမ္ပဏီ တစ်ခုက ဒီလို စတန့်မျိုးတွေ လုပ်ပြနေတာက အငြင်းပွားစရာတွေ ဖြစ်နိုင်တယ်လို့ ဝေဖန်တာမျိုးတွေလည်း ရှိနေကြောင်း သိရပါတယ်။
ကိုးကား: NDTV





















































