ရွှေ့ပြောင်း အခြေချသူတွေကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ စင်တာတွေကို ပစ်မှတ်ထား ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့အတွက် ပို့တ်လန်းမြို့မှာ စစ်တပ်တွေ ဖြန့်ကျက်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးခဲ့ပါတယ်။
အော်ရီဂွန် ပြည်နယ်ထဲက ပို့တ်လန်းမြို့မှာ အခြေအနေတွေကို ပြန်လည် တည်ငြိမ်အောင် ကိုင်တွယ်ဖို့ စစ်တပ် အနေနဲ့ လိုအပ်ရင် အင်အားအပြည့် အသုံးပြုဖို့ ထရမ့်က ခွင့်ပြုပေးခဲ့ပါတယ်။
စစ်မြေပြင်လို ဖြစ်နေတဲ့ ပို့တ်လန်းကို ကာကွယ်ဖို့ လိုအပ်သလောက် စစ်သည်တွေ စေလွှတ် ဖြန့်ကျက်ဖို့ ထရမ့်က သူ့ရဲ့ စစ်ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို လုပ်ပိုင်ခွင့် ပေးခဲ့ကြောင်း သိရပါတယ်။ စစ်ဝန်ကြီး ဆိုတာဟာ ကာကွယ်ရေး ဝန်ကြီး ရာထူးကို ထရမ့်က သူ့သဘောအတိုင်း နာမည်ပြောင်းလဲ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ လူဝင်မှုနဲ့ အကောက်ခွန် ကြီးကြပ်ရေးဌာန (ICE)က ဖွင့်လှစ်ထားတဲ့ ထိန်းသိမ်းရေး စင်တာတွေကို ဆန္ဒပြသူတွေက ပစ်မှတ်ထား ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။ ထရမ့်က တပ်တွေ ဖြန့်ကျက်လိုက်တယ် ဆိုတာဟာ ပြည်တွင်း အကြမ်းဖက်သမားတွေ ရန်ကနေ ICEရဲ့ အဆောက်အအုံတွေကို အကာအကွယ် ပေးနိုင်ဖို့ ရည်ရွယ်ကြောင်း၊ ပို့တ်လန်းမှာတော့ လိုအပ်ရင် အင်အားအပြည့် အသုံးချဖို့ထိ သူက ညွှန်ကြားထားကြောင်း သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement
ပို့တ်လန်းမှာ စစ်တပ် ဖြန့်ကျက်မယ့် ထရမ့်ရဲ့ သဘောထားနဲ့ ပတ်သက်လို့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဖက်ကတော့ အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ ဖက်ဒရယ် အစိုးရ အနေနဲ့ ပို့တ်လန်းကို တပ်တွေ စေလွှတ်စရာ အကြောင်းမရှိဘူးလို့ အော်ရီဂွန်ပြည်နယ် အုပ်ချုပ်ရေးမှူး တီနာ ကိုတက်ခ်က ဆိုပါတယ်။ ပို့တ်လန်းမှာ အမျိုးသား လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု ဘာမှ မရှိသလို ဒေသခံ လူ့အဖွဲ့အစည်းက အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
ကိုတက်ခ်က သူ့အနေနဲ့ ဖက်ဒရယ် အစိုးရက တပ်တွေ ဖြန့်ကျက်လာရင် ဘယ်လို တုံ့ပြန်သင့်သလဲ ဆိုတာကိုလည်း အော်ရီဂွန်ပြည်နယ် ရှေ့နေချုပ် ဒန်ရေးဖီးလ်နဲ့ ညှိနှိုင်းနေကြောင်း အတည်ပြုခဲ့ပါတယ်။
ထရမ့်ဟာ ပို့တ်လန်းမှာ အမေရိကန် စစ်တပ်တွေ ဖြန့်ကျက်မလား၊ အရန်တပ်လို့ သတ်မှတ်နိုင်တဲ့ အမျိုးသား အစောင့်တပ်တွေ ဖြန့်ကျက်မလား ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးမထားပါဘူး။ အရင်ကလည်း ထရမ့်ဟာ ဒီမိုကရက်တစ်ပါတီ အားကောင်းတဲ့ ဒေသတွေက မြို့တချို့မှာ ဆန္ဒပြမှုတွေကို တုံ့ပြန် ဖိနှိပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသား အစောင့်တပ်တွေ စေလွှတ်ဖူးပါတယ်။
ဇွန်လကစလို့ ပို့တ်လန်းမှာ ICEရဲ့ ထိန်းသိမ်းရေး စခန်းတွေကို ဦးတည်တဲ့ ဆန့်ကျင် ဆန္ဒပြမှုတွေ ရှိနေခဲ့ပြီး ရံဖန်ရံခါမှာတော့ ပဋိပက္ခဆန်ဆန် အခြေအနေမျိုးတွေပါ ကြုံခဲ့ရပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့မှာတော့ အမေရိကန်ရဲ့ ပြည်တွင်း လုံခြုံရေး ဝန်ကြီးဌာနက ICE အဆောက်အအုံတွေကို ဆန္ဒပြသူတွေဟာ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ ရန်လို အကြမ်းဖက်မှုတွေကို ဆက်တိုက် ကျူးလွန်လာနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
စက်တင်ဘာ ၈ ရက်နေ့တုန်းက အမေရိကန် ဖက်ဒရယ် အစိုးရရဲ့ ရှေ့နေချုပ်ရုံးက ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး မီးရှို့မှု၊ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှု၊ ဝတ္တရားနှောင့်ယှက်မှုစတဲ့ စွပ်စွဲမှုတွေနဲ့ လူ ၂၆ ယောက်ကို တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC


















































