Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က ဘုရားကျောင်းတစ်ခုမှာ ပစ်ခတ်မှုနဲ့ မီးရှို့မှုဖြစ်ပြီး ၄ ဦးထက်မနည်းသေဆုံး

အမေရိကန် နိုင်ငံမှာ ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်ပြီး မီးပါတင်ရှို့ခဲ့တဲ့ ဖြစ်စဉ်အတွင်း လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန် နိုင်ငံမှာ ခရစ်ယာန် ဘုရားကျောင်း တစ်ခုကို သေနတ်သမား တစ်ယောက်က ဝင်ရောက် ပစ်ခတ်ပြီး မီးပါတင်ရှို့ခဲ့တဲ့ ဖြစ်စဉ်အတွင်း လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်တုန်းက မစ်ချီဂန်ပြည်နယ်၊ ဒက်ထရိုက်မြို့နဲ့ ကီလိုမီတာ ၁၀၀ လောက် အကွာမှာရှိတဲ့ ဂရန်းဘလန့်ဆိုတဲ့ မြို့မှာ ထိတ်လန့်စရာ တိုက်ခိုက်မှုနဲ့ ကြုံခဲ့တာ ဖြစ်ပါတယ်။

Jesus Christ of Latter-day Saints ဘုရားကျောင်း ဝင်းထဲကို လူတစ်ဦးက ကားမောင်း ဝင်ရောက်လာပြီး စတင် ပစ်ခတ်ခဲ့သလို အဆောက်အအုံကိုပါ မီးတင်ရှို့ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ အခင်းဖြစ်ချိန်က ဘုရားကျောင်းထဲမှာ ဝတ်ပြုနေသူ ရာနဲ့ချီ များပြားနေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ရဲတွေက သေနတ်သမားကို ဘုရားကျောင်းရဲ့ ကားပါကင်မှာ သုတ်သင် ရှင်းလင်းနိုင်ခဲ့ပါတယ်။ သူဟာ မစ်ချီဂန်ပြည်နယ်ရဲ့ ဘာတန်မြို့မှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် သောမတ်စ် ဂျက်ကော့ဘ် ဆန်းဖို့ဒ်ဆိုတဲ့ အမျိုးသားဖြစ်ကြောင်း ရဲတွေက နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာပိုင်တွေက အခုဖြစ်စဉ်ကို ပစ်မှတ်ထား ရန်လို အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုအဖြစ် ကနဦး အမှုဖွင့် စုံစမ်းနေပေမယ့် သေနတ်သမားရဲ့ ရည်ရွယ်ချက် အမှန်ကို မသိရသေးဘူးလို့ ပြောပါတယ်။

ဆန်းဖို့ဒ်ရဲ့ တိုက်ခိုက်မှုကြောင့် ၂ ဦးသေဆုံးခဲ့ပြီး နောက်ထပ် ဒဏ်ရာ ပြင်းထန်သူ ၂ ဦးလည်း ကွယ်လွန်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူလည်း ၈ ဦးထက်မနည်း ရှိခဲ့ကြောင်း မြို့ခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဝီလျံရန်ညီက ပြောကြားခဲ့ပါတယ်။

မီးလောင်မှုဟာ ဘုရားကျောင်း အဆောက်အအုံကို တော်တော် ကြီးကြီးမားမား ပျက်စီးစေခဲ့ကြောင်း၊ မီးလောင်ခဲ့တဲ့ အဆောက်အအုံ အစိတ်အပိုင်းတွေမှာ ပိတ်မိနေခဲ့သူတွေ ရှိမရှိ ဆိုတာကို ဆက်လက် စစ်ဆေးနေကြောင်းလည်း သူက ဆိုပါတယ်။

သေနတ်သမားဟာ ချေမှုန်းရေး ရိုင်ဖယ်တစ်လက်ကို အသုံးပြုပြီး ဘုရားကျောင်းထဲမှာ ရှိနေသူတွေကို လိုက်လံ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ သတင်းပေး တိုင်ကြားချက် ရရချင်း ရဲတွေက အခင်းဖြစ်တဲ့ နေရာကို ချက်ချင်း သွားရောက်ခဲ့ကြောင်း၊ အဲဒီနောက် သံသယရှိသူနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး နောက်ဆုံးမှာတော့ သေနတ်သမားကို ရှင်းလင်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

လက်ရှိမှာတော့ ပစ်ခတ်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကို အဓိကထား ရှာဖွေနေပြီး စုံစမ်းစစ်ဆေးမှုတွေမှာ အမေရိကန်ရဲ့ ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရို (FBI)က စုံစမ်း စစ်ဆေးမှုတွေကို ကြီးမှူးနေတယ်လို့ သိရပါတယ်။

နောက်ပြီး မစ်ချီဂန် ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကင်မ်ဗက်တာက နေရာတချို့မှာ ဗုံးထောင်ထားနိုင်ခြေရှိကြောင်း ခြိမ်းခြောက် သတင်းပေးမှုတွေကို အဆောတလျင် တုံ့ပြန် ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။ အဲဒီကိစ္စဟာ ဘုရားကျောင်း တိုက်ခိုက်မှုနဲ့ ဆက်စပ်သလား ဆိုတာကိုတော့ အတိအကျ မသိရပါဘူး။ မျက်မြင်တွေက သေနတ်သမားရဲ့ နေအိမ်ရှေ့ကို ဗုံးရှင်းလင်းရေး အဖွဲ့တစ်ခု ရောက်နေခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ ပစ်ခတ်မှုရဲ့ သတင်းကို ကြားသိထားကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေကို FBIက တာဝန်ယူ ကြီးမှူးသွားမှာဖြစ်ကြောင်း သူကိုယ်တိုင် တည်ထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ အမေရိကန်မှာ ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ နောက်ထပ် တိုက်ခိုက်မှု တစ်ခုလို့ ထရမ့်က ဆိုပါတယ်။

မစ်ချီဂန် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရတ်ချန် ဝှစ်တ်မားက အကြမ်းဖက်မှုတွေကို ဘယ်လို နေရာမှာမဆို၊ အထူးသဖြင့် ဝတ်ပြုမှုနဲ့ဆိုင်တဲ့ နေရာတွေမှာ ကျူးလွန်တာမျိုးက လုံးဝ လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန် ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။