ဇန်နဝါရီ-၂၀၊ ၂၀၂၆။ ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပျံကျရွာကို စစ်တပ်က မနေ့ညပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၉ ရက် မနေ့ ည ၁၁နာရီဝန်းကျင်မှာ ပျံကျရွာထဲကို မိတ္တီလာရှမ်းတဲ လေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဗုံးကြဲခံရမှုကြောင့် အသက်၅၀ ကျော်အရွယ် ဒေါ်ပြုံးဆိုသူ ဦးခေါင်းထိမှန် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

“ဘာသတင်းမှ မရှိဘူး။ စစ်ကြောင်းလည်းမရှိဘူး။ သက်သက်ကိုကြဲသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က နေ့လယ် ၁၂နာရီ ကျော်မှာလည်း ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါသေးတယ်။
အဲဒီနေရာတွေဟာ ဒီပဲယင်းမြို့ရဲ့ တောင်ဘက်မှာရှိပြီး လေကြောင်းတိုက်ခံရတဲ့ နေရာနှစ်ခုဟာ ၃မိုင်ခန့်သာ ဝေးတယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာမို့ သတိထားရှောင်ကြဖို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကသတိပေးထားပါတယ်။


















































