မတ်-၃၁၊၂၀၂၆။People’s Spring
အီရန်စစ်ပွဲအတွက်မဟာမိတ်နိုင်ငံတွေက ငွေကြေး ဝိုင်းဝန်းစိုက်ထုတ်ပေးတာမျိုးသမ္မတ ဒေါ်နယ်လ်ထရမ့်က လိုလားနေကြောင်း အမေရိကန် အစိုးရက ပြောကြားခဲ့ပါတယ်။
မတ်လ ၃၀ ရက်နေ့မှာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ထရမ့်ဟာမဟာမိတ်အာရပ်နိုင်ငံတွေကိုအီရန်စစ်ပွဲအတွက် ကုန်ကျစရိတ်တွေ ဝိုင်းဝန်း ပံ့ပိုးပေးရေး တောင်းဆိုဖို့ စိတ်ဝင်စားနေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
အာရပ်နိုင်ငံတွေက လက်ရှိစစ်ပွဲမှာ အမေရိကန်ကို စစ်စရိတ် ဝိုင်းကူနိုင်ခြေ ရှိသလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး လီယာဗစ်က သူ့အနေနဲ့ သမ္မတ ထရမ့်ကို ကျော်ပြီး ဒီကိစ္စကို မဖြေချင်ကြောင်း၊ ဒါပေမဲ့ သမ္မတရဲ့ စိတ်ထဲမှာ ဒီအကြောင်းကို သေချာ စိတ်ဝင်စားနေပြီးသားလို့တော့ သူယူဆကြောင်း တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement
ဒီကိစ္စဟာ သမ္မတ ထရမ့်ရဲ့ စိတ်ကူးတစ်ခု ဖြစ်ပြီး နောက်ပိုင်းကျရင်တော့ သမ္မတဆီကနေ ပိုပြီး စုံစုံလင်လင် ကြားခွင့်ရမယ်လို့ သူထင်ကြောင်း လီယာဗစ်က ပြောပါတယ်။လီယာဗစ်ကအီရန်အစိုးရဟာအမေရိကန်နဲ့ ဆွေးနွေးမှုတွေ မရှိပါဘူးလို့ လူသိရှင်ကြား ငြင်းဆိုနေပေမယ့် နောက်ကွယ်မှာတော့ စစ်ရပ်စဲရေးအတွက် အမေရိကန်ဖက်က တောင်းဆိုထားမှု တချို့ကို လိုက်လျော လက်ခံထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
နောက်ကွယ်က ဆွေးနွေးပွဲတွေအကြောင်း အမေရိကန်က ပြောတဲ့အခါ သတင်းမှားတွေပါလို့ အီရန်ကငြင်းဆိုတာကိုအားလုံးသိထားပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ လက်တွေ့မှာတော့ ညှိနှိုင်းမှုတွေက အဆင်ပြေပြေ ရှေ့ဆက်နေကြောင်း၊ နောက်ကွယ်က ဆွေးနွေးမှုတွေနဲ့ လူသိရှင်ကြား ငြင်းဆိုမှုတွေက တိုက်ရိုက် အချိုးမကျကြောင်း လီယာဗစ်က ပြောကြားသွားပါတယ်။
ထရမ့်ကတော့ အီရန်အနေနဲ့ ဆွေးနွေးမှုတွေကနေ အဖြေတစ်ခုခု ထွက်ပေါ်လာအောင် ကြိုးစားဖို့ လိုအပ်ကြောင်း သတိပေးခဲ့ပြီး သဘောတူညီမှု မရခဲ့ဘူး ဆိုရင်တော့ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အီရန်ကတော့ ကြားခံ နိုင်ငံတွေကနေတဆင့် ပေးပို့ထားတဲ့ အမေရိကန်ရဲ့ စစ်ရပ်စဲရေး တောင်းဆိုချက်တွေက လက်တွေ့မကျသလို လက်ခံနိုင်စရာလည်း မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
ကိုးကား- Reuters
ဓါတ်ပုံ-AFP


















































