ရုရှားစစ်တပ်ရဲ့ လေယာဉ်တစ်စီး ပျက်ကျပြီး လူ ၂၉ ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
An-26 အမျိုးအစား လေယာဉ်ဟာ ရုရှားထိန်းချုပ်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်မှာ ပျက်ကျခဲ့တာလို့ အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ လေယာဉ်ဟာ ပုံမှန် ပျံသန်းမှု တစ်ခုအတွင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး နောက်တော့ လေယာဉ်ပျက် တည်နေရာကို ရှာတွေ့ခဲ့တဲ့အတွက် ပျက်ကျခဲ့တာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တာလို့ Tass သတင်းဌာနက ဆိုပါတယ်။
လေယာဉ်ပေါ်မှာ အမှုထမ်း ၃ ဦးနဲ့ ခရီးသည် ၂၃ ဦး လိုက်ပါသွားခဲ့ပြီး အသက်ရှင်သူ မရှိခဲ့ပါဘူး။ လေယာဉ်ဟာ စက်ချွတ်ယွင်းမှု တစ်ခုခုကြောင့် တောင်စောင်းကို ဝင်တိုက်ခဲ့တာလို့ ယုံကြည်ရပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ရုရှားဟာ ၂၀၁၄ ခုနှစ်ကတည်းက ခရိုင်းမီးယား ကျွန်းဆွယ်ကို ကျူးကျော်ဝင်ရောက်ပြီး ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ရဲ့ ကိုယ်ထည်မှာ ပြင်ပက ထိခိုက်ထားတာမျိုး အထောက်အထား မတွေ့ရတာကြောင့် ဒုံးကျည်၊ ဒရုန်း၊ ဒါမှမဟုတ် ငှက်အုပ်ကြောင့် ပျက်ကျတာမျိုး ဖြစ်နိုင်ခြေ မရှိကြောင်း ရုရှား စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

Public Service Announcement
လေယာဉ်ဟာ မတ်လ ၃၁ ရက်နေ့က ပျောက်ဆုံးသွားတာဖြစ်ပြီး လေယာဉ်ပျက်ကိုတော့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး အဖွဲ့တွေက ဧပြီ ၁ ရက်နေ့မှာ ရှာတွေ့ခဲ့ပါတယ်။
An-26ဟာ ဆိုဗီယက်ခေတ် သယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးအစားဖြစ်ပြီး လက်ရှိ အချိန်ထိ ရုရှားရော၊ ယူကရိန်း တပ်တွေပါ အသုံးပြုနေဆဲပါ။ ၂၀၂၀ ပြည့်နှစ်တုန်းက ယူကရိန်း လေတပ်ရဲ့ အမျိုးအစားတူ လေယာဉ်တစ်စီး ခါကစ်ဗ်မြို့နားမှာ ပျက်ကျခဲ့တာကြောင့် တပ်သားသစ် အများစု အပါအဝင် လူ ၂၆ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၂ တုန်းကတော့ ရုရှားနိုင်ငံ အရှေ့ဖျား ဒေသတစ်ခုမှာ An-26 ပျက်ကျခဲ့ပြီး ၂၈ ဦး သေဆုံးခဲ့ပါတယ်။
လက်ရှိ ယူကရိန်းစစ်ပွဲ မတိုင်ခင် ကတည်းက ခရိုင်းမီးယားကို ရုရှားက ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး စစ်ပွဲကာလမှာလည်း အဲဒီကျွန်းဆွယ်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ယူကရိန်းဟာ ခရိုင်းမီးယားမှာရှိတဲ့ ရုရှား စစ်အခြေစိုက်စခန်းနဲ့ ရေတပ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC


















































