Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ဖြတ်သန်းဖို့ သင်္ဘောတွေကို အမေရိကန်ရေတပ် စောင့်ရှောက်ပေးမယ်လို့ ထရမ့်ပြော

အမေရိကန်နဲ့ အီရန်တို့ကြား အရမ်းကို အပေါင်းလက္ခဏာဆန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန်နဲ့ အီရန်တို့ကြား အရမ်းကို အပေါင်းလက္ခဏာဆန်တဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နောက်ပြီး အီရန်ကမ်းလွန်မှာရှိတဲ့ နိုင်ငံတကာ စွမ်းအင်တင်ပို့ရေး အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေကို အမေရိကန် ရေတပ်က ခြံရံ စောင့်ကြပ်ပေးမယ့် အစီအစဉ်အသစ် တစ်ခု အကြောင်းကိုလည်း ထရမ့်က မေလ ၃ ရက်နေ့မှာ အသိပေးခဲ့ပါတယ်။

Project Freedomလို့ သူက နာမည်ပေးထားတဲ့ အဲဒီ အစီအစဉ်ဟာ ဟောမုဇ် ရေလက်ကြား ပိတ်ဆို့မှုတွေကြောင့် သင်္ဘောထွက်လို့ မရဘဲ အဲဒီရေပြင်မှာ ပိတ်မိနေရင်း ရိက္ခာနဲ့ တခြား အရေးပေါ် လိုအပ်တဲ့ ပစ္စည်းတွေ လျော့ပါးလာနေတဲ့ ရေယာဉ်တွေအတွက် လူသားချင်း စာနာမှု အကူအညီ သဘောမျိုးလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

ပြီးတော့ အမေရိကန် ရေတပ်ရဲ့ အစောင့်အရှောက်နဲ့အတူ ဟောမုဇ်ကို အရပ်ဖက်သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းမှုဟာ မေလ ၄ ရက်နေ့လောက်မှာ စတင်နိုင်ဖွယ် ရှိတယ်လို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားပြီး အဲဒီရေလက်ကြားကနေ ဖြတ်သန်းလာတဲ့ အီရန် ရေယာဉ်တွေကို တားဆီးဖို့လည်း အမေရိကန်က ရေတပ်အင်အား အများအပြား ဖြန့်ကျက်ထားပါတယ်။

သင်္ဘောတွေနဲ့ သင်္ဘောသားတွေက ဟောမုဇ်ကို ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်အောင် အမေရိကန်က အကောင်းဆုံး အားထုတ်သွားမှာ ဖြစ်ကြောင်း၊ ဟောမုဇ်မှာ အားလုံး အန္တရာယ်ကင်းကင်း ရှင်းရှင်းလင်းလင်း ပြန်ဖြစ်သွားတဲ့ထိ ပြန်မလာသေးဘူးလို့ သက်ဆိုင်ရာ သင်္ဘော အသီးသီးက အသိပေးခဲ့ကြောင်း သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာက ပလက်ဖောင်းဖြစ်တဲ့ Truthမှာ ထရမ့်က ပို့စ်အရှည်ကြီး ရေးတင်ခဲ့ပါတယ်။

ထရမ့်ရဲ့ ထုတ်ပြန်ကြေညာချက် အပြီးမှာတော့ နိုင်ငံတကာ ရေနံစျေးဟာ တစ်စည်ကို တစ်ဒေါ်လာလောက် ကျရိပ်ပြန်ပြခဲ့ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း စစ်ပွဲရပ်စဲနိုင်ရေးအတွက် အီရန်ဖက်က ပေးပို့လိုက်တဲ့ အဆိုပြုချက် တစ်ရပ်ကို အမေရိကန် အစိုးရက ပါကစ္စတန်ရဲ့ ကြားဝင် စေ့စပ်ပေးမှုကနေတဆင့် တုံ့ပြန်ခဲ့တယ်လို့ မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမေရိကန်ဖက်က တုံ့ပြန်မှု ရှိခဲ့ပေမယ့် တရားဝင် အကြောင်းပြန်တဲ့အဆင့် မဟုတ်သေးပါဘူး။ အီရန်ရဲ့ အဆိုပြုချက်တွေမှာ စစ်ပွဲကို အပြီးရပ်စဲဖို့နဲ့ ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ ဆိုတာတွေ ပါဝင်ပေမယ့် အီရန် နျူကလီးယား အရေးကိုတော့ စစ်ရပ်စဲပြီး နောက်ပိုင်းမှ ဆက်ဆွေးနွေးဖို့ ကမ်းလှမ်းထားပါတယ်။ အစောပိုင်းမှာတော့ ထရမ့်က အီရန်ဖက်က အဆိုပြုချက်ဟာ သူ့အတွက် ကျေနပ်စရာ မရှိဘူးလို့ ထုတ်ပြောထားဖူးပါတယ်။

ဟောမုဇ် ရေလက်ကြားကို အရပ်ဖက် ရေယာဉ်တွေ ဖြတ်သန်းနိုင်အောင် အမေရိကန် ရေတပ်က ခြံရံစောင့်ရှောက်ပေးမယ်လို့ ထရမ့်က ပြောပေမယ့် အီရန် အစိုးရရဲ့ အမျိုးသား လုံခြုံရေး ကော်မရှင် အကြီးအကဲ အီဘရာဟင် အဇီဇီကတော့ အဲဒီ ရေလမ်းကြောင်းကို အီရန် ထိန်းချုပ်ထားမှုမှာ အမေရိကန်က ဝင်စွက်ဖက်တဲ့ လုပ်ရပ်တိုင်းဟာ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခြင်းအဖြစ် မှတ်ယူမယ်လို့ သတိပေးခဲ့ပါတယ်။

သင်္ဘောတွေ ရေလက်ကြားက ထွက်ခွာနိုင်အောင် အမေရိကန် ရေတပ်က ကူညီပေးမယ့် အစီအစဉ် အသေးစိတ်ကို ထရမ့်က မပြောခဲ့ပေမယ့်လည်း အီရန်နဲ့ အမေရိကန် တပ်တွေကြား အရမ်းနီးကပ်တဲ့ ထိတွေ့မှုတွေ ဖြစ်လာနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် စစ်သားတွေကို သုတ်သင်ပေးရင်၊ ဒါမှမဟုတ် ဖမ်းဆီးပေးရင် ဒေါ်လာ ၃ သောင်း ချီးမြှင့်မယ်လို့ အီရန်က ဆုငွေထုတ်လိုက်ပါတယ်။

ဆောင်းပါး

WHO အကြီးအကဲက ထရမ့်အစိုးရ၏ ကွယ်ဆေးမူဝါဒအပြောင်းအလဲအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ဖြန့်ကျက် တာဝန်ပေးထားချိန် ကြာမြင့်လွန်းလို့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး တစ်စီးပေါ်က ရေတပ်သားတွေ စိတ်ပိုင်း၊ ရုပ်ပိုင်း အလွန်အမင်း ဖိအားဝင်နေကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။