ဟောမုဇ် ရေလက်ကြား တဝိုက်မှာ ပိတ်မိနေတဲ့ အရပ်ဖက် ရေယာဉ်တွေကို ရေတပ် အစောင့်အရှောက်နဲ့ ရွှေ့ပြောင်းပေးနေတဲ့ အစီအစဉ်ကို ပြန်ပြီး ဆိုင်းငံ့ထားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။
မေလ ၄ ရက်နေ့မှာ Project Freedomကို စတင်ကြောင်း ထရမ့်က ကြေညာခဲ့ပြီး သင်္ဘောတချို့ကို ဟောမုဇ် ရေလက်ကြားကနေ ထွက်ခွာနိုင်အောင် ကူညီပေးခဲ့ကြောင်း ဆိုပါတယ်။ ဒါပေမဲ့ တစ်ရက်အကြာမှာပဲ အဲဒီ အစီအစဉ်ကို ပြန်လည် ဆိုင်းငံ့ထားမယ်လို့ ထရမ့်က ထုတ်ပြန်ခဲ့ပြန်ပါတယ်။
အရပ်ဖက် ရေယာဉ်တွေကို အမေရိကန် ရေတပ် အကူအညီနဲ့ ရွှေ့ပြောင်းပေးတဲ့ Project Freedom စတင်တဲ့ နေ့မှာပဲ အီရန်နဲ့ အမေရိကန်တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ နောက်တော့ ထရမ့်က အီရန်ရဲ့ လက်နက်တပ်ဆင်ထားတဲ့ လှေငယ် ၆ စီးကို အမေရိကန်က ပစ်ခတ် ဖျက်ဆီးခဲ့တယ်လို့ ကြေညာပါတယ်။
ဒီအခြေအနေကြောင့် လက်ရှိ အမေရိကန်နဲ့ အီရန်တို့ကြား ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပျက်ပြယ်သွားမှာကို စိုးရိမ်မှုတွေ ရှိလာပေမယ့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ အပစ်ရပ် သဘောတူညီမှု ဆက်လက် တည်တံ့နေဆဲလို့ မေလ ၅ ရက်နေ့ ညပိုင်းက ပြောကြားခဲ့ပါတယ်။

Public Service Announcement

နောက်တော့ ထရမ့်က Project Freedomကို သိပ်မကြာခင်မှာ ဆိုင်းငံ့ထားမယ့် အကြောင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အီရန်နဲ့ ဆွေးနွေးညှိနှိုင်း သဘောတူညီမှုတွေအရ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း၊ အကြောင်းကတော့ နောက်ကွယ်က ဆွေးနွေးမှုတွေမှာ ထင်ရှားကောင်းမွန်တဲ့ တိုးတက်မှုတွေ ရရှိလာနေတာကြောင့် ဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။
တစ်ဖက်မှာတော့ အီရန် အစိုးရ မီဒီယာက အမေရိကန်ရဲ့ Project Freedom ရပ်သွားတာကိုက အီရန်အတွက် အောင်ပွဲတစ်ခုအဖြစ် ပုံဖော်ပြီး ဝါဒဖြန့်ခဲ့ပါတယ်။ ဒါဟာ အီရန် ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့ အဆက်မပြတ် ကြိုးစားနေမှုတွေ တစ်ခုမှ မအောင်မြင်လို့ ထရမ့်ရဲ့ ဆုတ်ခွာသွားမှုလို့ အီရန် မီဒီယာက ဖော်ပြပါတယ်။
အစောပိုင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက အစ္စရေးနဲ့ အမေရိကန် ပူးပေါင်းပြီး အီရန်မှာ ဆင်နွှဲခဲ့တဲ့ Epic Fury စစ်ဆင်ရေး ကနဦးအဆင့်တွေဟာ စစ်ရေးရည်မှန်းချက်တွေ အပြည့်အဝ အောင်မြင် ပြီးမြောက်သွားခဲ့ပြီ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ် ရေးသားထားတဲ့ ပို့စ်တစ်ခုမှာတော့ ထရမ့်က Project Freedomကို ရပ်ဆိုင်းစေခဲ့တာဟာ အီရန်နဲ့ အမေရိကန်ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် ကြားခံအဖြစ် ကူညီပေးနေတဲ့ ပါကစ္စတန် အစိုးရဆီက မေတ္တာရပ်ခံမှုကြောင့်လည်း ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။ ဒါပေမဲ့ ဟောမုဇ်ကနေ ထွက်လာမယ့် အီရန် သင်္ဘောတွေကို ပိတ်ဆို့ဖို့ အမေရိကန်ရေတပ် ဖြန့်ကျက်ထားမှုကတော့ မူလအတိုင်း ဆက်ရှိနေမယ်လို့ သူက ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ရက်တည်းနဲ့တင် Project Freedomကို ထရမ့်က ပြန်ရုပ်သိမ်းလိုက်တာဟာ အံ့ဩစရာတော့ ဖြစ်ခဲ့ပါတယ်။ ထရမ့်က Project Freedomကို အကောင်အထည်ဖော်လို့ ကြေညာပြီးတဲ့နောက် ရူဘီရို၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်၊ စစ်ဦးစီးအရာရှိ ဗိုလ်ချုပ်ကြီး ဒန်ကိန်းတို့က ဟောမုဇ် ရေလက်ကြားမှာ အရပ်ဖက် ကုန်တင်ရေကြောင်း သွားလာမှုတွေ လွတ်လွတ်လပ်လပ် ပြန်လည် စတင်နိုင်အောင် အမေရိကန်က ကူညီစောင့်ရှောက်ပေးမယ် ဆိုတာမျိုး အသီးသီး ကြွေးကြော်ထားခဲ့တာကြောင့်ပါ။ ထရမ့် ကိုယ်တိုင်ကလည်း သူ့ရဲ့ Project Freedom အကူအညီနဲ့ ဟောမုဇ်ကနေ ထွက်ခွာချင်လို့ သင်္ဘောအရေအတွက် ရာနဲ့ချီ စောင့်ဆိုင်းနေတယ်လို့ ပြောခဲ့ပါသေးတယ်။
အီရန်ကတော့ ထရမ့်စတင် ကြေညာချိန် ကတည်းက အဲဒီအစီအစဉ်ကို အပြင်းအထန် ကန့်ကွက်ခဲ့သလို ဟောမုဇ်ရေလက်ကြားထဲ အမေရိကန် စစ်သင်္ဘောတွေ ဝင်လာရင် တိုက်ခိုက်ရလိမ့်မယ်လို့ သတိပေးထားခဲ့ပါတယ်။
ကိုးကား: BBC


















































