တောင်ကိုရီးယားရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ဂျက်တိုက်လေယာဉ်ဟာ စစ်ဆင်ရေးအဆင့် ပျံသန်းနိုင်ကြောင်း အတည်ပြုချက် ရရှိသွားပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဆိုင်ရာ ဝယ်ယူမှု အစီအမံ ကွပ်ကဲရေးအဖွဲ့ (DAPA)က ကိုရီးယား လေကြောင်းနည်းပညာ စက်မှုလုပ်ငန်း (KAI)က ထုတ်လုပ်တဲ့ KF-21 Boramae တိုက်လေယာဉ်ဟာ လက်တွေ့ စစ်မြေပြင်မှာ တိုက်ပွဲဝင်နိုင်တဲ့ စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ကြောင်း စိစစ် အကဲဖြတ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
KF-21ကို ကနဦး ထုတ်လုပ်မယ့် Block I ဗားရှင်းဟာ လေကြောင်းစိုးမိုးရေး မစ်ရှင်တွေအတွက် အဓိက ရည်ရွယ် တည်ဆောက်ထားပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီလေယာဉ်ကို ဘက်စုံသုံး အမျိုးအစားတစ်ခု ဖြစ်လာအောင် လိုအပ်တဲ့ စနစ်တွေ ဆက်တိုက် မွမ်းမံ ဖြည့်တင်းသွားမှာပါ။
KAIက KF-21တွေကို တောင်ကိုရီးယား လေတပ်ဆီ ၂၀၂၆ ဒုတိယ နှစ်ဝက်မှာ စတင်ပေးပို့သွားနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း လေယာဉ်တွေ တည်ဆောက်မှုဟာ မူလ မျှော်လင့်ထားတာထက် စရိတ်ပိုများလာပြီး ထုတ်လုပ်မှုပိုင်း နှောင့်နှေးမှုတွေ ရှိလာနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

Public Service Announcement

KF-21ဟာ တင်းပြည့်ကျပ်ပြည့် တိုက်လေယာဉ်အဖြစ် တောင်ကိုရီးယားမှာ ပြည်တွင်းဖြစ် ထုတ်လုပ်တဲ့ ပထမဆုံး တိုက်လေယာဉ် ဖြစ်ပါတယ်။ KAIဟာ T-50 Golden Eagle အပေါ့စား တိုက်လေယာဉ်တွေကိုလည်း ထုတ်လုပ်ခဲ့ပေမယ့် လေယာဉ်ရဲ့ အဆင့်သတ်မှတ်ချက်ကိုတော့ အမောင်းသင် လေယာဉ်အနေနဲ့ပဲ ယူဆခဲ့ပါတယ်။ အဲဒီ လေယာဉ်တွေဟာ တိုက်ခိုက်ရေး မစ်ရှင်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။
KF-21ဟာ တောင်ကိုရီးယားရဲ့ အိုမင်းနေပြီဖြစ်တဲ့ F-4နဲ့ F-5 တိုက်လေယာဉ်အုပ်တွေ နေရာမှာ အစားထိုးဖို့ ရည်ရွယ် တည်ဆောက်ထားတာပါ။ KF-21ဟာ မျိုးဆက် ၄.၅ အဆင့် နည်းပညာတွေ ပိုင်ဆိုင်တယ်လို့ သတ်မှတ်ခံထားရတဲ့ တိုက်လေယာဉ်ပါ။ အဓိပ္ပါယ်ကတော့ ကမ္ဘာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ စတုတ္ထမျိုးဆက် တိုက်လေယာဉ်တွေထက် နည်းပညာ ပိုမြင့်ပြီး ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည် တချို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေရဲ့ အဓိက ဂုဏ်ပုဒ်ဖြစ်တဲ့ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) စွမ်းရည်ကတော့ လေယာဉ်မှာ အကန့်အသတ်နဲ့ပဲ ပါဝင်ပါတယ်။ KAIဟာ အနာဂတ်မှာ အဆင့်မြှင့်မယ့် Block III ဗားရှင်းတွေမှာ ကိုယ်ပျောက်စွမ်းရည် ဖြည့်တင်းဖို့ စီစဉ်ထားပါတယ်။
KF-21တွေဟာ အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ်တွေဖြစ်ပြီး လေယာဉ်မှူး တစ်ဦးတည်း၊ ဒါမှမဟုတ် နှစ်ဦး စီးနင်းနိုင်တဲ့ မျိုးကွဲတွေ ထုတ်လုပ်မှာပါ။ အသံရဲ့ မြန်နှုန်းထက် ၁.၈ ဆလောက် ပျံသန်းနိုင်ပြီး စစ်ဆင်ရေး နယ်မြေ ကီလိုမီတာ ၂၉၀၀ လောက်ထိ ဖြန့်ကျက်နိုင်ပါတယ်။ တောင်ကိုရီးယား လေတပ်ဟာ KF-21 Block I အစီး ၄၀ လောက်ကို ကြိုတင်မှာယူထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် အဆင့်မြှင့်မယ့် Block II အစီးရေ ၈၀ ကိုလည်း ၂၀၃၂ မတိုင်ခင် ဝယ်ယူဖို့ ညှိနှိုင်းထားပါတယ်။
KAI အနေနဲ့ KF-21တွေကို တောင်ကိုရီးယား လေတပ်အတွက် ဦးစားပေး ထုတ်လုပ်မှာ ဖြစ်ပေမယ့် ပြည်ပ မှာယူမှုတွေကိုလည်း လက်ခံသွားဖွယ် ရှိနေကြောင်း သိရပါတယ်။
ကိုးကား: Air Data News


















































