Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွန်ဂိုမှာ အီဘိုလာ ရောဂါကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိလာ

ကွန်ဂိုနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

ကွန်ဂိုနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။

အာဖရိကတိုက် ရောဂါ တားဆီးထိန်းချုပ်ရေး စင်တာရဲ့ အကြီးအကဲ ဂျင်း ကက်ဆီယာက ကွန်ဂိုမှာ အီဘိုလာကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး နောက်ထပ် သံသယလူနာ ၃၉၀ ကျော် ရှိနေကြောင်း မေလ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေရဲ့ နာရေးကိစ္စ စီမံကိုင်တွယ်တာတွေ အပါအဝင် ဒေသခံတွေ အနေနဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ညွှန်ကြားထားတဲ့ ရောဂါ ကာကွယ်ရေး အစီအမံတွေကို တိတိကျကျ ကျင့်သုံး လိုက်နာဖို့ အရေးကြီးကြောင်းလည်း ကက်ဆီယာက သတိပေးခဲ့ပါတယ်။

အိမ်နီးချင်း ယူဂန္ဓာ နိုင်ငံမှာလည်း ကွန်ဂိုကနေ ပြန်လာသူ ၂ ဦး အီဘိုလာ ကူးစက်ခံရကြောင်း အတည်ပြု တွေ့ရှိထားပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အီဘိုလာကို နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ် ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဘွန်ဒီဘူဂျို မျိုးကွဲ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အီဘိုလာ ကူးစက်မှုတွေဟာ ကမ္ဘာ့ ကပ်ရောဂါအဆင့် ယူဆရတဲ့ အခြေအနေတော့ မဟုတ်ကြောင်း WHOက ရှင်းလင်းထားပါတယ်။

ဓာတ်ပုံ – AFP

ကွန်ဂိုမှာ စေတနာ့ဝန်ထမ်း အလုပ်လုပ်နေတဲ့ အမေရိကန် ဆရာဝန် တစ်ဦးလည်း ရောဂါ ကူးစက်ခံထားရကြောင်း သိရပါတယ်။ အဲဒီ ဆရာဝန်ကိုတော့ ဂျာမနီနိုင်ငံဆီ ရွှေ့ပြောင်းပြီး ကုသပေးသွားမယ်လို့ ဆိုပါတယ်။

ပြီးတော့ ကွန်ဂိုက အမေရိကန် စေတနာ့ဝန်ထမ်း ကျန်းမာရေး အဖွဲ့ဝင် ၆ ဦးဟာလည်း လူနာတွေနဲ့ ထိတွေ့မှု ရှိထားတာကြောင့် သူတို့ကို အမေရိကန်ဆီ ပြန်လည်ခေါ်ယူပြီး လုံခြုံတဲ့ တစ်နေရာမှာ သီးခြားစောင့်ကြည့်စေဖို့ အစိုးရက စီစဉ်ထားပါတယ်။

အီဘိုလာဟာ သွေးအပါအဝင် လူနာရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် လူအချင်းချင်း ကူးစက်နိုင်ပါတယ်။ အီဘိုလာဟာ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ဖျားနာတာ၊ ခန္ဓာကိုယ် ကိုက်ခဲတာ၊ အားအင်ကုန်ခမ်း နွမ်းနယ်တာ၊ အော့အန်တာ၊ ကိုယ်တွင်း သွေးယိုစီးတာမျိုး လက္ခဏာတွေ ကြုံရလေ့ ရှိပါတယ်။ အဲဒီရောဂါအတွက် တိကျတဲ့ ကုထုံးမရှိသေးဘဲ ရောဂါလက္ခဏာတွေ လျော့ပါးအောင်သာ ကူညီကုသပေးနိုင်ပါတယ်။

ပထမဆုံး အီဘိုလာ ကူးစက်မှုတွေကို ၁၉၇၆ ခုနှစ်တုန်းက လက်ရှိ တောင်ဆူဒန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်နေတဲ့ နာဇာရာ ဒေသမှာ စတင်တွေ့ရှိခဲ့ပါတယ်။ အီဘိုလာဟာ တိရစ္ဆာန်ကနေတဆင့် လူသားတွေဆီ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သစ်သီးစား လင်းနို့၊ ချင်ပန်ဇီမျောက်ဝံ၊ တောဆိတ်တွေနဲ့ ထိတွေ့မှုကနေ စတင်ပျံ့နှံ့လာပြီး လူသားအချင်းချင်းပါ ဆင့်ကဲကူးစက်တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နာမည်ကြီး အင်္ဂလန် ဘောလုံးအသင်းဟာကွန်ဂိုနဲ့ပွဲစဉ်မှာ အဖွင့်ဂိုးပေးပြီး ရုန်းကန်ခဲ့ရပေမယ့် အသင်းခေါင်းဆောင် ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေကြောင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

သတင်း

ကင်ညာနိုင်ငံမှာ အမေရိကန် နိုင်ငံသားတွေအတွက် အီဘိုလာ quarantine စင်တာ ဖွင့်လှစ်မယ့် ကိစ္စကို ဒေသခံတွေက အပြင်းအထန် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံက ဆေးရုံတစ်ခုရဲ့ ဝင်းထဲမှာ အီဘိုလာ ရောဂါသည်တွေကို ထားရှိဖို့ စီစဉ်ထားတဲ့ ရွက်ဖျင်တဲတွေကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက မီးတင်ရှို့ခဲ့ကြပါတယ်။