ဇွန်-၂၇၊ ၂၀၂၆။ ကတ်သရင်းနှင်း/People’s Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ထုံးကြီးရွာနယ်မြေ ရဲစခန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျွန်းဦးရွာက အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ထုံးကြီးရွာရဲစခန်းကနေ တောင်ဘက်က ကျေးရွာတွေဆီကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးတစ်လုံးဟာ ဆင်သေရွာရဲ့အနောက်ဘက်က ဧရာဝတီမြစ်ထဲကို ကျခဲ့ပြီး နောက်ထပ်လက်နက်ကြီးဟာ ကျွန်းဦးရွာထဲကို ကျခဲ့ကာ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာလို့ သိရပါတယ်။

Public Service Announcement



“ကလေးငယ်နှစ်ယောက်ရဲ့ အမေထိတာ။ သေသွားတယ်။ ဒီနေ့ တမနက်လုံး လေယာဉ်နဲ့ကြဲလိုက်။ လက်နက်ကြီးနဲ့ပစ်လိုက်။ ဒီဘက်မှာ တအုံးအုံးနဲ့”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီမြစ် ရေတက်ချိန်ဖြစ်တာကြောင့် အဲဒီနယ်ဘက်က ကျေးရွာတွေ ရေနစ်မြှုပ်ချိန်မှာ စစ်တပ်က အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ၂၃ ရက်ကလည်း ထုံးကြီးရွာရဲစခန်းကနေပဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမို့ မြေနုကျွန်းရွာပေါ် ကျပြီး ပြည်သူ၆ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။


















































