ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် တော်လှန်ရေးကို အရှိန်မြှင့်သည့် အနေဖြင့် အာဏာ သိမ်းစစ်ကောင်စီတပ်စခန်းများကို အခွင့်သာပါက တိုက်ခိုက်သိမ်းယူရန် ၎င်း၏ ခရိုင်နှင့် တပ်မဟာ ခုနစ်ခုစလုံးသို့ ညွှန်ကြားထားကြောင်း KNU ဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ အတည်ပြုပြောကြားသည်။
မကြာသေးမီက ကျင်းပသည့် KNUနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ထိပ်ပိုင်းခေါင်း ဆောင်များအစည်းအဝေးအပြီး၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီး တပ်မဟာ ခုနစ်ခုလုံးကို ပစ်မိန့်ပေးလိုက်ကြောင်း Salewwn Pressက KNLA စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိ နှစ်ဦးကိုကိုးကား ဖော်ပြထားသည့်အပေါ် အထက်ပါအတိုင်း အတည်ပြုဖြေကြားခဲ့သည်။
“အဲဒါက တစ်လနီးပါးက စစ်ရေးချုပ်ကနေ ညွှန်ကြားထားတယ်လေ တပ်မဟာ ခုနစ်ခုလုံးကို။ လက်ရှိ အခြေအနေ မှာ ရန်သူက ကိုယ့်နယ်မြေကို ကျူးကျော်လာရင် ပစ်မိန့်ပေးတယ်။ နောက်ပြီးတော့ တကယ်လို့ အခွင့်ကောင်းရင် ကိုယ်တို့နေရာ ကိုယ်ပြန်ယူရမှာပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် နယ်မြေစိုးမိုးရေးအတွက် တည်ဆောက်ထားသည့် စခန်းများရှိကြောင်း၊ လက်ရှိအချိန်သည် ပြည်တွင်း၌ လူထု၏ တွန်းလှန်မှုနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ လက်တွဲညီညီဖြင့် စစ်ရေး၊ နိုင်ငံရေးအောင်မြင်မှုရရှိရေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
“ကျွန်တော်တို့ စခန်းတွေကို အခွင့်အရေးသာရင် နေရာ ပြန်တိုးချဲ့ဖို့ခရိုင်ခုနစ်ခုလုံးကို ညွှန်ကြားလိုက်ပြီ။အမိန့်ချတဲ့အခါကျတော့ ရန်သူရဲ့ စခန်းတွေကို တိုက်ရမှာပေ့ါ။ အခွင့်သာရင် တိုက်ရမှာပေါ့။ကိုယ့်နယ်မြေ ပြန်တိုးချဲ့ရမှာပေါ့။ ဖြစ်ပေါ်လာတဲ့ PDFတွေနဲ့ ပူးတွဲပြီး နယ်မြေစိုးမိုးတဲ့သဘောပေါ့” ဟု အဆိုပါ KNU သတင်းရင်းမြစ်က ပြောသည်။
ထိုသို့ညွှန်ကြားပြီးနောက်ပိုင်း စခန်းသိမ်းတိုက်ခိုက်မှုအချို့ KNU တပ်မဟာနယ်မြေအချို့တွင်ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းက မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြသောင်းဆိပ် ရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)စခန်းကို KNU တပ်မဟာ(၁)က စခန်းသိမ်း တိုက်ခိုက်ခဲ့သည်။
KNU တပ်မဟာ(၆)နယ်မြေ လေးကေ့ကော်ဒေသတွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့သည်။ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။
KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်တွင်မူ ဗဟိုက မညွှန်ကြားမီကတည်းက မတ်လ ၂၇ရက်တွင် စစ်ကောင်စီတပ်စခန်းတစ်ခု၊ ဧပြီ ၂၇ရက်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းတစ်ခုကို တပ်မဟာ(၃)နှင့်(၅) ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးသည်။


















































