Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာ ၆လအတွင်း စစ်တပ်လက်ချက်ကြောင့် အရပ်သား ၈၀ကျော် သေဆုံး၊ ၁၉၀ နီးပါး ဒဏ်ရာရ

စစ်တပ်ရဲ့ လေယာဉ်ဗုံးနဲ့ လက်နက်ကြီးကြောင့် ၂ရက် ၁ဦးနှုန်း သေဆုံးနေ

(၂၀၂၆ ဖေဖော်ဝါရီ ၁၂ ရက် ညက ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် (ဆီဆိုင်ကွင်းဟောင်းအနီး)ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများ။ ဓာတ်ပုံ - AA)

ဇူလိုင်-၄၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

ရခိုင်ပြည်နယ်မှာ ပြိးခဲ့တဲ့ ၆လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရကာ ဖမ်းဆီးခံရသူ ၆၅ ဦး ရှိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ပါတယ်။

အခု ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ၆လတာအတွင်း စစ်တပ်ရဲ့လက်ချက်ကြောင့် ထိခိုက်၊ သေဆုံး၊ အဆောက်အဦးပျက်စီးမှုအခြေအနေတွေကို ဇူလိုင်လ ၃ ရက်မှာ HDCO က အစီရင်ခံစာတရပ် ထုတ်ပြန်ထားတာပါ။

HDCO ရဲ့ အဲဒီအချက်အလက်တွေအရ ရခိုင်ပြည်နယ်က အပြစ်မဲ့အရပ်သားပြည်သူတွေဟာ စစ်တပ်လက်ချက်ကြောင့် ၂ရက်မှာ ၁ဦး နှုန်း သေဆုံးနေရပြီး ၁ရက် ၁ဦးနှုန်း ထိခိုက်ဒဏ်ရာရနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်၊ သေဆုံးရသူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရေယာဉ်တွေနဲ့ လက်နက်ကြီး အထိုင်စခန်းတွေကနေ ပစ်ခတ်မှု၊ သေနတ်နဲ့ ပစ်ခတ်မှု၊ မိုင်းထိမှန်မှုတို့ကြောင့် ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးရသူ ၆၉ ဦး၊ ဒဏ်ရာရသူ ၁၄၈ ဦးနဲ့ အရေအတွက် အများဆုံးဖြစ်နေတာ တွေ့ရပါတယ်။

“စစ်ဘက်နေရာတွေတင်မကပဲ အရပ်ဘက်နေရာတွေကိုလည်း တောက်လျှောက်ဗုံးကြဲနေတာ စစ်တပ်က။ ဒီ ကောင်တွေလောက် ယုတ်မာရက်စက်တာမရှိတော့ဘူး။ အပြစ်မဲ့ပြည်သူတွေဟာ ကိုယ့်အိမ်မှာကိုယ်နေရင်း ဒီအ ယုတ်တမာတွေကြောင့် သေနေကြရတယ်” လို့ ကျောက်ဖြူမြို့နယ်မှ စစ်တပ်လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ ရသူတဦးရဲ့မိသားစုဝင်တဦးက ပြောပါတယ်။

စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံး၊ ထိခိုက်ရသူစုစုပေါင်း ၂၇၀ ဦး(သေဆုံးသူ ၈၃ ဦး၊ ဒဏ်ရာရသူ ၁၈၇ ဦး)ထဲ မှာ အသက် ၁၈ နှစ်အောက်အရွယ် ၅၃ ဦးနဲ့ အမျိုးသမီး ၁၂၆ ဦး ပါဝင်တာတွေ့ရပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရသူ ၆၅ ဦးထဲမှာလည်း ၁၈ နှစ်အောက် ၄ ဦးနဲ့ အမျိုးသမီး ၉ ဦး ပါဝင်ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ စစ်တပ်ထိန်းချုပ်ထားဆဲ ကျောက်ဖြူ၊ စစ်တွေမြို့တို့က အများစုပါဝင်ပြီး ပင်လယ်ပြင်ငါး ထွက်ဖမ်းစဉ်နဲ့ လမ်းခရီးမှာ အဖမ်းခံခံ့ရတဲ့ ပေါက်တောနဲ့ အမ်းဒေသခံအချို့လည်း ပါဝင်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသလို အဲဒီပစ်ခတ်မှုတွေအတွင်း လူနေအိမ် ၂၂၉ ဆောင်အပါအဝင် စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦး၊ လမ်း ၊ တံတားစတဲ့အဆောက်အဦးပေါင်း ၃၃၄ ခုလည်း ပျက်စီးခဲ့ရပါတယ်။

စစ်တပ်အနေနဲ့ အခုလိုမျိုး အရပ်သားပြည်သူတွေကို ပစ်ခတ်၊ သတ်ဖြတ်၊ အဆောက်အဦးတွေကို ဖျက်ဆီးနေတာဟာ စစ်တပ်အနေနဲ့ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တွေက ထောက်ပြကြပါတယ်။

“မင်းအောင်လှိုင်ကတော့ စစ်ရှုံးတိုင်း ပြည်သူတွေကို နေ့စဉ်နဲ့အမျှ သတ်ဖြတ်နေတယ်။ ဒီဟာက အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်ရာရောက်တယ်။ စစ်ရာဇဝတ်မှုကိုလည်း ပြောင်ပြောင်းတင်းတင်းချိုးဖောက်ကျူးလွန်နေတာ ဖြစ်တယ်” လို့ ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ အသင်းမှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်က စစ်တွေ၊ ကျောက်ဖြူ၊ ဧရာ၀တီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းစစ်မျက်နှာတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းစတဲ့နေ ရာတွေကို ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေတာပါ။

အဲဒီလို ပြည်သူတွေကို သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်အပေါ် လိုအပ်သလို တုန့်ပြန်သွားမယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မီဒီယာတွေကို ပြောထားပါတယ်။

ရခိုင်ပြည်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ် ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

“ကျွန်မတို့ အားလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်တွေကို AA က သိမ်းပိုက်နိုင်တဲ့နေ့မှပဲ ကျွန်မတို့ ရွာကို ပြန်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊​ရေခါးကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့မို့ အမျိုးသမီး ၂ဦး ထိမှန်သေဆုံးပြီး ပြည်သူ ၅ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook