ဇူလိုင် – ၂၁ ၊၂၀၂၆
တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ ဇူလိုင် ၂၀ ရက်နေ့တုန်းက ဒုတိယ သောမတ်စ် ကမ်းဝေး သောင်ခုံကျွန်းနားမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီ သောင်ခုံ ကျွန်းပေါ်မှာတော့ ဖိလစ်ပိုင် ရေတပ်ဟာ အသုံးမပြုတော့တဲ့ စစ်သင်္ဘောဟောင်းကြီး တစ်စီးကို ရည်ရွယ်ချက်ရှိရှိ သောင်တင်စေပြီး ပင်လယ်ပြင် အခြေစိုက် လုံခြုံရေး စခန်းအနေနဲ့ ထားရှိပါတယ်။
တရုတ်က အဲဒီရေပြင်ဟာ နိုင်ငံပိုင်နက်ထဲမှာ အကျုံးဝင်တယ်လို့ ပြောကြားပြီး ဖိလစ်ပိုင်ရဲ့ စစ်သင်္ဘောဟောင်းကြီးကို ဖယ်ရှားပေးဖို့ တောင်းဆိုထားပါတယ်။ နှစ်ဖက် ထိပ်တိုက်တွေ့တဲ့ ရန်ပွဲကလည်း စစ်သင်္ဘောဟောင်းကြီးနဲ့ မနီးမဝေး ရေပြင်မှာ ဖြစ်ခဲ့ပြီး နှစ်ဖက်စလုံးကတော့ ရန်ပွဲစတင်မှုအတွက် အပြန်အလှန် စွပ်စွဲ ပြစ်တင်ထားပါတယ်။

Public Service Announcement
ဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲမှာတော့ ဖိလစ်ပိုင် ရေတပ်ရဲ့ ရာဘာလှေငယ် တစ်စီးဟာ တရုတ် ကမ်းခြေစောင့်တပ်ရဲ့ ပိုကြီးမားတဲ့ လှေတစ်စီးနဲ့ ကိုယ်ထည်ချင်း ကပ်လျက်သား ရှိနေပြီး နှစ်ဖက် တပ်ဖွဲ့ဝင်တွေကြား လှော်တက်တွေ၊ တုတ်တွေ အသုံးပြုပြီး ရန်ပြု ရိုက်နှက်နေတာကို တွေ့ရပါတယ်။
တရုတ် ကမ်းခြေစောင့်တပ်ရဲ့ လှေပေါ်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ ဖိလစ်ပိုင် ရာဘာလှေက ခပ်မြန်မြန် ချဉ်းကပ်လာပြီး မကြာခင်မှာပဲ ရန်ပွဲစခဲ့တာကို မြင်ခဲ့ရပါတယ်။ တရုတ် စစ်သားတစ်ဦးက ဒါဟာ တရုတ်ရေပိုင်နက်ဖြစ်ကြောင်း၊ ဘေးကင်းတဲ့ အကွာအဝေးကနေ ခုတ်မောင်းဖို့ သတိပေးလိုကြောင်း အသံချဲ့စက်နဲ့ အော်ဟစ် သတိပေးနေပေမယ့် ဖိလစ်ပိုင်လှေက ဆက်လက် ချဉ်းကပ်လာခဲ့ပြီး ရိုက်ကြနှက်ကြ အဆင့်ထိ ရောက်သွားခဲ့တာပါ။ သတိပေးမှုတွေကို မလိုက်နာဘဲ ဖိလစ်ပိုင် ရေယာဉ်က ရန်လိုပြီး ဝင်တိုက်ရာက ပြဿနာ စခဲ့တာလို့ တရုတ်က စွပ်စွဲထားပါတယ်။
ဖိလစ်ပိုင် စစ်တပ်ကတော့ တရုတ် ကမ်းခြေစောင့်လှေကသာ ဖိလစ်ပိုင်ရဲ့ စစ်စခန်းနားထိ ချဉ်းကပ်လာပြီး အမျိုးမျိုး ရန်လာစလို့ ပြဿနာ တက်ခဲ့တာလို့ တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် တရုတ်တွေက တုတ်တွေနဲ့ရိုက်၊ လှော်တက်နဲ့ခုတ်လို့ ဖိလစ်ပိုင် ရေတပ်သား တစ်ဦးရဲ့ ဦးခေါင်းမှာ တစ်လက်မခွဲစာလောက် ကွဲတဲ့ဒဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။ ပြီးတော့ ရာဘာလှေမှာလည်း အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးနီးပါးကို နိုင်ငံပိုင်နက်အဖြစ် သတ်မှတ် ကြေညာထားတာကြောင့် ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ရေပိုင်နက် အငြင်းအခုံတွေ ဖြစ်ပေါ်နေပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာကတော့ ဖိလစ်ပိုင်က အထူးစီးပွားရေးဇုန် သတ်မှတ်ထားရာ ကီလိုမီတာ ၃၇၀ လောက် အကွာအဝေး ရေပြင်မှာ တည်ရှိပြီး တရုတ်ကမ်းရိုးတန်းကနေ ဆိုရင်တော့ ကီလိုမီတာ ၁၀၀၀ လောက် ကွာဝေးပါတယ်။
ဖိလစ်ပိုင် နိုင်ငံမှာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ စုဝေးပြီး အစည်းအဝေး ပြုလုပ်နေချိန်မှာ အခုပြဿနာ ဖြစ်ပွားခဲ့တာပါ။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိလည်း အစည်းအဝေး တက်ရောက်မှာဖြစ်ပြီး တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းအခုံကိုလည်း ထည့်သွင်းဆွေးနွေးဖွယ် ရှိပါတယ်။
အရင်ကလည်း တရုတ်နဲ့ ဖိလစ်ပိုင် ကမ်းခြေစောင့် တပ်ဖွဲ့တွေကြားမှာ တင်းမာတဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။
ကိုးကား – Reuters


















































