သြဂုတ် ၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။
ဒီကနေ့ သြဂုတ် ၈ ရက်မနက်မှာ ဝက်လက်မြို့နယ် အနောက်ခြမ်း၊ မူးမြစ်ကမ်းဘေးက စွယ်ကွေ့၊ မူးကြိုး၊ဥယျာဉ်သာ၊ တည်တော၊ သမရိုး၊ ကိုင်း၊ နဘဲလှ၊ ရွှေအိုးရ ၊မင်းကန်၊ သရက်ချို၊ ကျောက်ကုံး၊ ဥယျာဉ်သာ (မ)၊ မြင်းသီ၊ ကျောက်တိုင်နဲ့ မူးကမ်းလေ အစရှိတဲ့ ကျေးရွာ(၁၅)ရွာအတွင်း ရေတွေ ဝင်ရောက်လာလို့ ဒေသခံတွေ ရေဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဝက်လက်ပကဖအဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ဝက်လက်မြို့နယ်ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တဲတွေလည်း ရေဘေးသင့်တာကြောင့် ထပ်မံတိမ်းရှောင်နေရတယ်လို့ ဝက်လက်ပကဖအဖွဲ့က ပြောပါတယ်။

Public Service Announcement
“ကျွန်တော်တို့ စစ်ရှောင်စာရင်းကတော့ ပြုစုနေတုန်းပါ။ အကူအညီတွေကတော့ အများကြီးလိုအပ်နေပါတယ်”လို့ ဝက်လက်ပကဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ရွှေဘိုခရိုင်ကို ရေကြီးစေခဲ့တဲ့ သဖန်းဆိပ်ဆည် ရေအဝင်အနည်းငယ်လျော့နေပြီး ကင်းတပ်ဆည်အောက်ဘက်က မူးမြစ်ရေမှာ ရေများနေဆဲဖြစ်ကြောင်း၊ ကန့်ဘလူအနောက်ခြမ်း၊တန့်ဆည်အရှေ့ခြမ်း၊ရေဦးနယ်တွေဘက် ၁ ပေခန့် ရေပြန့်ကျသွားကာ အောက်ဘက်ပိုင်းကမြို့နယ်တွေဘက် ရေတိုးနေကြောင်း Infinity Group က အသိပေးပါတယ်။
တန့်ဆည်အရှေ့ခြမ်းက ရေမြုပ်ဧရိယာတွေဘက် စားသောက်ရေးနဲ့ကယ်ဆယ်ရေးကိစ္စများအတွက် ကိုယ်ထူကိုယ်ထ လုပ်နေကြရဆဲဖြစ်ပြီး အလှူရှင်တွေ၊ ကူညီကယ်ဆယ်ရေးတွေ လိုအပ်နေကြောင်း သတင်းရရှိပါတယ်။


















































