Connect with us

Hi, what are you looking for?

သတင်း

ပြည်သူတွေကို ဗုံးကြဲနေတဲ့ စစ်တပ်ရဲ့ ရဟတ်ယာဥ် အန္တရာယ်ကင်းအောင် ပရိတ်ရေဖြန်းပေးတဲ့ဆရာတော် ဝေဖန်ခံနေရ

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှာ ဆရာတော်တစ်ပါးက အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်နေတဲ့ ရဟတ်ယာဥ်ကို အန္တရာယ်ကင်းအောင် သပြေခက်နဲ့ ပရိတ်ရေ ဖြန်းပေးနေတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာလို့ ဝေဖန်ခံနေရပါတယ်။

သြဂုတ် ၁၃၊ ၂၀၂၆။မေရီ/People’s Spring

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းမှာ ဆရာတော်တစ်ပါးက အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်နေတဲ့ ရဟတ်ယာဥ်ကို အန္တရာယ်ကင်းအောင် သပြေခက်နဲ့ ပရိတ်ရေ ဖြန်းပေးနေတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာလို့ ဝေဖန်ခံနေရပါတယ်။

တိပိဋကတောတိုက်လို့ အမည်ပေးထားတဲ့ Facebook အကောင့်တစ်ခုကနေ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က ဓာတ်ပုံမှတ်တမ်းတစ်ခု တင်ခဲ့ပါတယ်။ အဲဒီဓါတ်ပုံတွေထဲမှာ ဆရာတော်တစ်ပါးက လေတပ်အရာရှိတွေခြံရံပြီး ရဟတ်ယာဥ်အနီးမှာ အောင်သပြေပန်းကို ကိုင်ဆောင်ကာ ရဟတ်ကို သပြေခတ်နဲ့ ဖြန်းနေတာကို တွေ့မြင်ရပါတယ်။ မြန်မာ့ရိုးရာ အယူအဆအရ ရဟတ်ယာဥ်နဲ့ ယာဥ်မောင်းသူတွေ အန္တရာယ်ကင်းအောင် ပရိတ်ရေကို အောင်သပြေပန်းနဲ့ ​ဖြန်းပက်နေတာလို့ ယူဆရပါတယ်။

ပြည်သူတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရဟတ်ယာဥ်ကို ဘုရားသားတော်တစ်ပါးက အန္တရာယ်ကင်းပရိတ်ရွတ်ကာ ပရိတ်ရေဖြန်းပေးနေတဲ့အပေါ် ပြည်သူတွေက ဝေဖန်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

“ကျေးလက်ဒေသတွေမှာရှိတဲ့ အသက်အိုးအိမ်တွေကို ဝေဟင်ကနေ ပစ်ခတ်ဖျက်ဆီးတဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်ကို ကျေးလက်ဒေသ တောသူတောင်သား လယ်သမားမိဘကမွေးဖွားပြီး ဘုန်းကြီးကျောင်းအပို့ခံခဲ့ရတဲ့ ရွာသားလေးက တောသူတောင်သားလယ်သမားတွေ ပို့ပေးတဲ့ စားဦးစားဖျား ဆွမ်းဟင်းကို စားသောက်ပြီး အကောင်ကြီးလာတဲ့အခါမှာတော့ ပြန်လည်ကျေးဇူးဆပ်တော်မူပါတော့တယ်”ဆိုပြီး လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက ဝေဖန်ခဲ့ပါတယ်။

နောက်ထပ် Post တစ်ခုမှာတော့ အဲဒီနေ့မှာပဲ အမှတ်(၅၂၃) ရဟတ်ယာဥ်အုပ်က အန္တရာယ်ကင်းပရိတ်တရားနာပြီး နေ့ဆွမ်းကပ်ကာ ငွေကျပ် ၃ သိန်း လှူဒါန်းသွားတဲ့အကြောင်း တင်ထားတာတွေ့ရပါတယ်။ လူမှုကွန်ရက်မှာ ဝေဖန်ခံရ​ပြီးနောက်မှာတော့ အဆိုပါ Post နှစ်ခုလုံး ဖျက်သွားခဲ့တာ တွေ့ရပါတယ်။

ပရိတ်ရေဖြန်းပေးနေတဲ့ဆရာတော်ဟာ မှော်ဘီမြို့က တိပိဋကတောတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒန လို့သိရပါတယ်။ ယခင်ကလည်း မှော်ဘီလေတပ်စခန်းက အရာရှိတွေ၊ ရဟတ်ယာဥ်မောင်းနှင်သူတွေဟာ အဲဒီကျောင်းမှာ မကြာခဏ အန္တရာယ်ကင်း ပရိတ်နာတာ၊ ဆွမ်းကပ်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လက်တလော ရခိုင်၊ မကွေးနဲ့ ရေကြီးရေလျှံဖြစ်နေတဲ့ စစ်ကိုင်းတိုင်းမှာပါ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၆ ဇူလိုင် ၁ ရက်ကနေ ဩဂုတ် ၁၁ ရက်အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၁) ဦးနဲ့ အမျိုးသား (၃၁) ဦး၊ စုစုပေါင်း (၅၂) ဦး သေဆုံးခဲ့ပြီးခြောက်လအရွယ် မိန်းကလေးတဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေး (၁၀) ဦး ပါဝင်ကြောင်း သိရပါတယ်။

အဆိုပါကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၂၈) ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗျာလစစ်​ရှောင်စခန်းကိုဗုံးကြဲပြီး ၁၆ နာရီ ကျော်အကြာမှာ ပန်းနီလာစစ်ရှောင်စခန်းကိုစစ်တပ်ကဗုံးထပ်ကြဲ

သတင်း

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ဒဏ်ရာရသူ​တွေလည်းရှိပြီး​သေဆုံးသူထပ်တိုးလာနိုင်သေးဟု​​ဒေသခံ​တွေ​ပြော

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်အစိုးရက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်​​ကျော်​တော်မြို့မှာဖြစ်ပွားခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Trending

Facebook