ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကြေညာတဲ့ ဝန်ကြီးနေရာ ခန့်အပ်မှု အပြောင်းအလဲတွေမှာ အဓိက အရေးပါတဲ့ ဝန်ကြီးဌာန နေရာတွေကိုတော့ မူလအတိုင်း ဆက်လက် ထားရှိတာကို တွေ့ရပါတယ်။ တကအိချိကတော့ အခုလုပ်ဆောင်မှုဟာ အာဏာရ နိုင်ငံရေး မဟာမိတ် အင်အားစုကို ပိုမို စည်းလုံးစေဖို့နဲ့ လက်တွေ့ အကောင်အထည် ဖော်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်တကြီး ဝေဖန် ထောက်ပြမှုတွေ ရှိနေတဲ့ စားနပ်ရိက္ခာ အခွန်အခ ဖြတ်တောက်ရေး အစီအမံကို ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။
ဂျပန်မှာတော့ ဝန်ကြီးချုပ်တွေဟာ လူထုအမြင်မှာ အစိုးရရဲ့ ပုံရိပ်ကို ဆန်းသစ်နေစေဖို့၊ ပါတီဝင် အတွေ့အကြုံရင့် အမတ်တွေနဲ့ သစ္စာတော်ခံ အင်အားစုတွေအတွက် ဝန်ကြီးနေရာတွေ ခွဲဝေပေးနိုင်ဖို့ အစိုးရ အဖွဲ့ကို အပြောင်းအလဲတွေ လုပ်လေ့ရှိပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရွေးကောက်ပွဲမှာ မကြုံစဖူး လူထုထောက်ခံမှုတွေ ရရှိခဲ့တဲ့ တကအိချိကတော့ အစိုးရကို အပြောင်းအလဲ လုပ်ခဲ့ပေမယ့် သူ့ရဲ့ အားအထားဆုံး လက်ရုံးတွေကိုတော့ မူလနေရာတွေမှာ ဆက်လက် ထားရှိခဲ့ပါတယ်။

Public Service Announcement
စက်တင်ဘာ ၁၇ ရက်နေ့မှာ ဂျပန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မီနိုရူ ကီဟာရာက ထုတ်ပြန်လိုက်တဲ့ စာရင်းတွေအရ ကီဟာရာအပြင် ဘဏ္ဍာရေးဝန်ကြီး ဆတ်ဆူကီ ကာတာယာမာ၊ နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆူ မိုတက်ဂီ၊ ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိတို့ဟာ လက်ရှိရာထူးတွေမှာ အခြေမပျက် ဆက်ရှိနေတာကို တွေ့ရပါတယ်။
ပြီးတော့ အမေရိကန် အစိုးရရဲ့ သွင်းကုန်အခွန် စည်းကြပ်မှုတွေနဲ့ ပတ်သက်လို့ ဂျပန်အစိုးရရဲ့ ညှိနှိုင်းမှုတွေမှာ အဓိက ဦးဆောင်နေသူ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး ရိုင်ဆီ အကာဇာဝါ၊ အစိုးရ အသုံးစရိတ် မြှင့်တင်ရေးကို တက်တက်ကြွကြွ ထောက်ခံသူ စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီး မီနိုရူ ကူအိချိတို့လည်း မူလရာထူးအတိုင်း ဆက်ရှိနေခဲ့ကြပါတယ်။
ပြည်ထဲရေးနှင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ တရားရေး ဝန်ကြီးဌာန၊ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန စတာတွေမှာတော့ ဝန်ကြီးနေရာအတွက် လူသစ်တွေ ပြောင်းလဲကုန်ပါတယ်။
တကအိချိ ဦးဆောင်တဲ့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (LDP)နဲ့ ကာလရှည် မဟာမိတ် ဂျပန် ထိုးထွင်းဖန်တီးမှုပါတီ (JIP)တို့ကြားက ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်ဆံရေး ခိုင်မာကောင်းမွန်စေဖို့ အခုလို ဝန်ကြီးနေရာ အပြောင်းအလဲတွေကို လုပ်ဆောင်ခဲ့တာပါ။
တကာအိချိဟာ JIPရဲ့ အသက် ၇၀ အရွယ် ဝါရင့် နိုင်ငံရေးသမားကြီး ဟီရိုရှီ နာကက်ဆူကာကိုလည်း စည်းမျဉ်းစည်းကမ်းများ ပြုပြင်ထိန်းညှိရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ JIPဟာ မနှစ်က အောက်တိုဘာလ ကတည်းက ညွန့်ပေါင်း အစိုးရမှာ ပါဝင်နေခဲ့ပေမယ့် အခုမှသာ ဝန်ကြီးနေရာအတွက် ပါတီဝင် တစ်ဦးကို ခန့်အပ်ခြင်း ခံလာရတာ ဖြစ်ပါတယ်။
ကိုးကား: AFP


















































