စက်တင်ဘာ -၂၆၊၂၀၂၆။ဇော်၀င်း/People’s Spring
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၊သာဓုကန်စက်မှုဇုန်က စက်ရုံလုပ်သား ၁၀၀၀ခန့်ရှိတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ ပိတ်သိမ်းတော့မယ်လို့ အဲဒီစက်ရုံရဲ့အလုပ်သမားနဲ့ အလုပ်သမား အရေးဆောင်ရွက်သူတချို့က လူထုနွေဦးကို ပြောပါတယ်။
၂၀၁၉ကတည်းက ဖွင့်လှစ်ခဲ့တဲ့ Sunrise (Myanmar) Fashion Co.,Ltd အထည်ချုပ်စက်ရုံဟာ အခု စက်တင်ဘာ၂၂ ရက်ကစပြီး အောက်တိုဘာ ၂၁ ရက်ထိ နို့တစ်ကာလသတ်မှတ်ကာ စက်ရုံပိတ်သိမ်းမယ့်အကြောင်း စက်ရုံတာဝန်ရှိသူတွေက အသိပေးထားတယ်လို့ ဆိုပါတယ်။
စက်ရုံပိတ်သိမ်းမှုမှာ အလုပ်၀င်ကာလ ၆လမပြည့်သေးတဲ့ အလုပ်သမားတွေ၊ခွင့်ခံစားနေတဲ့ အလုပ် သမားတွေ ၊ မီးဖွားခွင့်အလုပ်သမားတွေရဲ့ နစ်နာမှုတွေနဲ့ပတ်သက်လို့ တိကျတဲ့ ဖြေရှင်းမှုမရှိသေးဘူးလို့ အလုပ်သမားနဲ့အလုပ်သမားအရေးဆောင်ရွက်သူတချို့က အသိပေးပါတယ်။

Public Service Announcement
“အလုပ်သမားတွေ နစ်နာမူတွေရှိလာရင် သက်ဆိုင်ရာ မြို့နယ်အထည်ချုပ်သမဂ္ဂအဖွဲ့အစည်းတွေနဲ့ အတူ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးနေတယ်”လို့ Sunrise အထည်ချုပ်စက်ရုံပိတ်သိမ်းမှုနဲ့ပတ်သက်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတစ်ဦး ကပြောပါတယ်။
စက်ရုံပိတ်သိမ်းရတဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ Sunrise (Myanmar) Fashion Co.,Ltdကို လူထုနွေဦးက ဖုန်းနဲ့ ၃ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန် တာမရှိခဲ့ပါဘူး။
“အလုပ်သမားတွေ ဆန္ဒ ခဏခဏပြလို့ ပိတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်ရုံတစ်ခုလုံးရပ်သွားရတယ်ဆိုတာမဟုတ်ပါဘူး။ကြားတာက ဘရန်းအပ်ထည်တွေ လျော့လာတာကြောင့်ပါ”လို့ Sunrise (Myanmar) အထည်ချုပ်၀န်ထမ်းတစ်ဦးက ပြောပါတယ်။
GLOBAL WORK၊ WOLLYTEC၊ CINEMA CLUB၊ HARE၊ LEPSIL၊ URBAL FUNCTION ၊ SINCE 1930 UNITED ATHLA၊ FINO-OUT၊ LOWRYS FARM ၊ AIRTHERMAL စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ZEROSTAGE နဲ့ AIRRICH FWANNEL အမှတ်တံဆိပ်တွေရဲ့ အော်ဒါတချို့သာရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကမ္ဘာကျော်အမှတ်တံဆိပ် H&M ကုမ္ပဏီရဲ့အ၀တ်အထည်တွေရဲ့ ကုန်ကြမ်းအမှာစာ မရတော့တာကြောင့်လည်း အောက်တိုဘာ ၁ ရက်ကစပြီး စက်ရုံပိတ်တော့မယ်လို့ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်က Teng Hui Myanmar သိုးမွေးစက်ရုံ က ကြေညာထားပါတယ်။
၂၀၁၃ကစဖွင့်ခဲ့ပြီးလုပ်သား ၂၀၀၀ ကျော်ရှိတဲ့ Teng Hui Myanmar စက်ရုံကို ပိတ်သိမ်းမှုကြောင့် အလုပ်ရပ်နားရမယ့် အလုပ်သမားတွေကို လုပ်သက်အလိုက် နစ်နာကြေးပေးသွားမယ်လို့ စက်ရုံက တရားဝင် အသိပေးထားပါတယ်။
လွန်ခဲ့တဲ့လေးလခန့်ကလည်း H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fishion အထည်ချုပ်စက်ရုံဟာလည်း အော်ဒါမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။
ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုကို အာဏာသိမ်း စစ်တပ်က အခုနှစ် ဇွန်လမှာ ကန့်သတ်လိုက်ပါတယ်။
ကျွမ်းကျင် အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံရေး စိန်ခေါ်မှု၊ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုတွေအပြင် ကုန်ကြမ်းပြတ်တောက်မှုတွေက အထည်ချုပ်လုပ်ငန်းတွေ ရုန်းကန်နေရတဲ့ စိန်ခေါ်မှု တွေဖြစ်နေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောထားပါတယ်။
နှစ်စဉ် ပြည်ပတင်ပို့မှုကနေ ဒေါ်လာ လေး ဘီလီယံ နဲ့ ငါးဘီလီယံကြားရရှိတဲ့ အထည်ချုပ်လုပ်ငန်းကနေ ကုန်ကြမ်းပြန်လည်တင်သွင်းမှုအရ ဒေါ်လာ သုံးဘီလီယံ ၀န်ကျင်ရှိတယ်လို့သိရပါတယ်။ဒါပေမယ့် စစ်တပ်က ဒေါ်လာငွေစီးဆင်းမှုထိန်းချုပ်လိုက်တာကြောင့် အထည်ချုပ်နဲ့ပတ်သက်တဲ့ သွင်းကုန်တွေ တင်သွင်းဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၅နှစ်အတွင်း အထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး ဩဂုတ်လကုန်ထိ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၇ ခု ရှိပါတယ်။
အထည်ချုပ်လုပ်ငန်းတွေဆက်တိုက်ပိတ်သိမ်းရပ်နား မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကို စက်တင်ဘာ ၂၂ နေ့ကတည်းလူထု နွေဦးက ဖုန်းနဲ့ အီးလ်မေးကတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့်ပြန်လည်ဖြေကြားတာမရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေ ထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် နိုင်ငံခြားငွေရရှိဖို့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေစစ်တပ်ခန့်အပ်ထားတဲ့ ၀န်ကြီးတွေနဲ့ ၂၀၂၂ မှာ FESC ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပြည်ပကုန်သွယ်မှုကနေ ရတဲ့ ဒေါ်လာငွေတွေ နဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေ ရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။
ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ရှိပါက ၆၅ သန်းကို မြန်မာကျပ်ငွေ လဲလှယ်ဖို့ သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေ ရဲ့ တစ်ဝက် နဲ့ ၂၀၂၅မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။
လက်ရှိ ပြည်ပက စက်သုံးဆီ၊ဆေးဝါးနဲ့ ကုန်ချောပစ္စည်းအများစုဟာ အထည်ချုပ်လုပ်ငန်းရဲ့ပို့ကုန်၀င်ငွေကို စစ်တပ်က အသုံးပြုနေတာဖြစ်ပါတယ်။


















































