Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေး ကျပ် ၁၀၃ သိန်း ကျော်လာ

ကမ္ဘာ့ရွှေဈေးနဲ့ အပြိုင် ပြည်တွင်း ရွှေဈေးလည်း ထပ်တက်နေတယ်လို့ ရွှေဈေးကွက်ကနေ စုံစမ်းသိရပါတယ်။

နိုဝင်ဘာ ၁၀၊ ၂၀၂၆။ ဇော်ဝင်း / People’s Spring

ကမ္ဘာ့ရွှေဈေးနဲ့ အပြိုင် ပြည်တွင်း ရွှေဈေးလည်း ထပ်တက်နေတယ်လို့ ရွှေဈေးကွက်ကနေ စုံစမ်းသိရပါတယ်။

ဒီကနေ့ (နိုဝင်ဘာ ၁၀ ရက်) ညနေပိုင်း ကမ္ဘာ့ရွှေ တစ်အောင်စကို ဒေါ်လာ ၄,၁၀၀ ကျော်လာပြီး ပြည်တွင်း ရွှေဈေးကလည်း ၂ ရက်အတွင်း တစ်ကျပ်သား ကျပ် တစ်သိန်းခွဲနီးပါး ဈေးတက်နေပါတယ်။

ဒီကနေ့ မြေပြင် ရွှေဈေးကွက်အတွင်းမှာ ၁၆ ပဲရည် ရောင်းဈေး တစ်ကျပ်သားကို သိန်း ၁၀၃ သိန်းကျော် ရှိပြီး ပြန်ဝယ်မယ့်ဈေးနဲ့ ကျပ် ၁ သိန်း ကွာပါတယ်။ ၁၅ ပဲရည် တစ်ကျပ်သားက ကျပ် ၉၇ သိန်းဝန်းကျင် ရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ကမ္ဘာ့ရွှေက တဖြည်းဖြည်း တက်လာတယ်။ အမေရိကန် ရွေးကောက်ပွဲ အပြီးနဲ့ အီရန်စစ်ပွဲ ရပ်နားမယ့် အရိပ်ယောင်ကြောင့် ပါတယ်။ ပြည်တွင်း ရွှေဈေးတန်းကတော့ ဒေါ်လာဈေးပေါ်လည်း မူတည်တာပေါ့။ လွန်ခဲ့တဲ့ သုံးလလောက်က ကမ္ဘာ့ရွှေ တစ်အောင်စ ၄၆၀၀ တန်းမှာ ပြည်တွင်း ရွှေက ဒီနေ့ဈေး နီးနီးပဲ ရှိတယ်” လို့ ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

ကမ္ဘာ့ရွှေဈေး ထပ်တက်နိုင်တာကြောင့် အရောင်းအဝယ် သတိထားဖို့လည်း ပြည်တွင်း ရွှေဝယ်ရောင်း နေသူက အသိပေးပါတယ်။

ရွှေဟာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ဈေးကွက် ဖြစ်တာကြောင့် ကမ္ဘာ့ဈေးနဲ့အတူ ပြည်တွင်း ရွှေဈေးလည်း လိုက်ပါ မြင့်တက်လေ့ ရှိပြီး အထူးသဖြင့် နိုင်ငံရဲ့ ငွေကြေးစနစ်ပေါ်မှာ များစွာ မူတည်ပြီး ဈေး အတက်အကျ ရှိပါတယ်။

ဒါ့အပြင် နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ကမ္ဘာ့နိုင်ငံ အခြေအနေတွေကလည်း ရွှေဈေးကို သိသိသာသာ သက်ရောက်နိုင်ပြီး ငွေလဲနှုန်း အဆမတန် ကွာဟမှုများတဲ့ ကျပ်ငွေ တန်ဖိုးကြောင့် ရွှေဈေး အဆမတန် တက်ရတဲ့ အဓိက အကြောင်းအရင်းတွေထဲ ပါဝင်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေ အဆမတန် ရိုက်ထုတ်မှုတွေကနေ ငွေကြေးဖောင်းပွမှု ဆိုးရွားနေတဲ့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ၁၆ ပဲရည် တစ်ကျပ်သား ၁၃ သိန်းကျော် ပြည်တွင်း ရွှေဈေးက လက်ရှိမှာ ကျပ်သိန်း ၁၀၀ ကျော်နဲ့ စံချိန်တင်ခဲ့ပြီး အခြေခံ လူထုဟာ ရွှေဆိုင်တွေနဲ့ ပိုပြီး ဝေးကွာလာနေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လက ဘက်ဂျက် လိုငွေအတွက် စစ်တပ်လွှတ်တော်ကတစ်ဆင့် ဗဟိုဘဏ်ဆီက ချေးယူခွင့် ပြုခဲ့တာကြောင့် နိုင်ငံခြားငွေ လဲနှုန်းတွေ မြင့်တက်ခဲ့တာနဲ့ နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့် အရေးယူရေး အဖွဲ့ (FATF) ရဲ့ မြန်မာအပေါ် ကန့်သတ်မှုတွေ ဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ကျပ်ငွေ တန်ဖိုးကျဆင်းမှုတွေ ဆက်တိုက် ဖြစ်လာပါတယ်။

နိုင်ငံခြားငွေ လဲနှုန်းတွေ တက်တာက ကျပ်ငွေ တန်ဖိုးကျဆင်းမှု ဖြစ်ပြီး ပြည်ပက တင်သွင်း သုံးစွဲနေရတဲ့ ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးပို မြင့်တက်လာမှာ ဖြစ်ပါတယ်။

အဲဒီကတစ်ဆင့် ပြည်တွင်း ထုတ်ကုန်တွေနဲ့ အစားအသောက်တွေပါ ကုန်ဈေးနှုန်း လိုက်လံ မြင့်တက်လာပြီး ဝင်ငွေနဲ့ အသုံးစရိတ် မမျှတတော့တာတွေက လက်ရှိ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး ထပ်တက်နေပြီး တစ်ကျပ်သား ကျပ်သိန်း ၁၀၀ကျော်လာတယ်လို့ ရွှေစျေးကွက်က စုံစမ်းသိရပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

Facebook