နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ပြည်သူ ၂၃၀၃ ဦးရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယမန်နေ့တွင် ထုတ်ပြန်သည်။
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းချိန်မှ ၂၀၂၂ စက်တင်ဘာလ ၂၁ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၄၅၅) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၄၈၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၈၄) ဦးရှိပြီဖြစ်ကြောင်း AAPP ၏ စာရင်းပြုစုချက်အရ သိရသည်။
ထို့အပြင် မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၂၆) ဦးရှိပြီဖြစ်သည်။

Public Service Announcement
ယင်းနောက် အာမခံဖြင့် လွတ်မြောက်သူ (၂၂) ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၁၁၄) ဦး ရှိပြီဟု ဆိုသည်။
အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက်မှာလည်း အာဏာသိမ်းချိန်မှ ၂၀၂၂ ဩဂုတ်လကုန်ထိ စုစုပေါင်း (၇၆၀) ခုထက်မနည်းရှိခဲ့သည်။
အဆိုပါ ကိန်းဂဏန်းများသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်သည်ဟု အသိပေးသည်။
နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူများ၏ အချက်အလက်များကို သိရှိပါက fatality-data@aappb.org အီးမေးလ်သို့လည်းကောင်း၊ အဖမ်းအဆီးအချက်အလက်များကို detention-data@aappb.org အီးမေးလ်သို့လည်းကောင်း တိုက်ရိုက်ပေးပို့၍ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း ဖော်ပြသည်။


















































