၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းက ပေါက်အူကျေးရွာမှာ အသက် နှစ်နှစ်ခွဲလောက်ပဲရှိသေးတဲ့ သမီးငယ် မနှင်းရွှေရည်လင်းဟာ တစ်ရွာတည်းမှာရှိတဲ့ အဘွားအိမ်ကို မိခင်ဖြစ်သူနဲ့အတူ ရောက်ရှိနေပါတယ်။
အဘွားအိမ်နဲ့ သမီးငယ်တို့အိမ်ဟာ သိပ်မဝေးပါဘူး။ မဝေးပေမယ့် စိတ်ချလက်ချတော့ သွားလို့မရပါဘူး။ ဘာလို့ဆို ရေလယ်ကျွန်းက ကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီတပ်က ရေစကြိုဘက်ကတဖုံ၊ မန္တလေးတိုင်း မြင်းခြံဘက်ကတသွယ်၊ စစ်ကိုင်းတိုင်း မြောင်နယ်ဘက်ကတနည်းနဲ့ အငြိုးကြီးကြီးနဲ့ကို မကြာခဏ စစ်ကြောင်းထိုး၊ မီးရှို့သတ်ဖြတ်နေလို့ပါ။ ဒါ့အပြင် အဝေးကနေလည်း ဘာတိုက်ပွဲမှမရှိဘဲ လက်နက်ကြီးနဲ့ မကြာမကြာပစ်ခတ်လေ့ရှိပါတယ်။
သမီးလေးတို့ဟာ လက်နက်ကြီးသံကြားတာနဲ့ ပုန်းကျင်းထဲဝင်ပြေးကြရတယ်။ ဆင်တဲရွာဘက်ကိုလည်း မကြာခဏ ရှောင်ပြေးရတယ်။
“ကလေးတွေက သေနတ်သံကြားရင်ကို အမေကျင်းပုန်းထဲပြေးရအောင်၊ ကျင်းပုန်းထဲပြေးရအောင်နဲ့ ခေါ်နေကြပြောနေကြ။”လို့ ပေါက်အူရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီအချိန်မှာပဲ သမီးငယ်တို့ ပေါက်အူရွာထဲ ပထမလက်နက်ကြီးတစ်လုံးကျတယ်။လက်နက်ကြီးကျသံကြားတာနဲ့ သမီးငယ်တို့သားအမိလည်း အိမ်ဘက်ကိုပြန်ပြေးဖို့လုပ်တယ်။
သမီးလေးကို မိခင်ဖြစ်သူက ချီပိုးပြီးထွက်ပြေးတယ်။ အိမ်ထဲအရောက် အိမ်တောင်ဘက်က ဝါးလေးပြန်လောက်အကွာက သပြေခြံထဲကို လက်နက်ကြီးတစ်လုံး အုန်းခနဲဆိုထပ်ကျတယ်။ လက်နက်ကြီးစတွေ အိမ်ထဲကိုဖောက်ဝင်လာခဲ့တယ်။ သမီးလေးလည်း တချက်အင့်ခနဲဖြစ်သွားတယ်။ ဒါကို သမီးလေးအမေက လက်နက်ကြီးကျသံဆူညံသွားလို့ သတိမထားမိဘူး။
ခဏနေတော့ သမီးလေးဖေဖေရောက်လာတယ်။ ဇနီးနဲ့သမီးကို “လာဆင်တဲပြေးရအောင်။”ဆိုပြီးလာခေါ်တယ်။ အဲဒီအချိန်မှာ သမီးလေးကိုချလိုက်တော့ အသက်မရှိတော့ဘူး။
ဖအေက “ဟာ ငါ့သမီးထိပြီ ထိပြီ။”ဆိုပြီး အော်တယ်။ ကြည့်လိုက်တော့ သမီးနောက်ကျောမှာအပေါက်ကြီးနဲ့။ သမီးလေးလက်နက်ကြီးစထိမှန်သွားခဲ့တာပါ။ မိခင်က သမီးလေးအင့်ခနဲဖြစ်သွားတာကို လန့်တယ်ပဲထင်ခဲ့တာပါ။
“ကလေးကအဆုတ်နေရာ ထိသွားတာ။”လို့ ဆွေမျိုးသားချင်းတစ်ဦးက ပြောပြတယ်။
သမီးလေး လက်နက်ကြီးထိပြီး သေဆုံးတော့ မိဘနှစ်ပါးမှာ အရူးမီးဝိုင်းဖြစ်ခဲ့ရတယ်။ နှစ်ဖက်ဘိုးဘွားနဲ့ဆွေမျိုးတွေ ရွာကရပ်ဆွေရပ်မျိုးတွေဆိုလည်း ယူကျုံးမရဖြစ်ကြတယ်။
သူတို့နယ်မှာ လက်နက်ကြီးထိပြီး သေရတဲ့သူတွေထဲမှာ ကလေးဆိုလို့ သမီးလေးကပထမဆုံးဖြစ်ဖူးတာကိုး။ ၆ နှစ်ဝန်းကျင် သူ့အကိုကလည်း သမီးလေးဘေးနားမှာ ငိုနေလိုက်တာ ဘယ်လိုမှတားမရခဲ့ဘူး။ အကို့အတွက် ကစားဖော်လည်းဟုတ် ၊ထိန်းပေးရတဲ့ ကလေးလေးက လူတောင်မဖြစ်လိုက်ရသေးခင် စစ်တပ်ရဲ့လက်နက်ကြီးကြောင့် ကြွေ
လွင့်ပျောက်ကွယ်သွားခဲ့ရလေပြီ။
အဲဒီနေ့က မန္တလေးတိုင်း၊မြင်းခြံမြို့နယ် ပတ္တာကျေးရွာဆိပ်ကမ်းကို စစ်ကောင်စီတပ်က ဖောကား ၂စီး၊ ဆိုင်ကယ် ၁၅ စီးဝန်းကျင်နဲ့ ရောက်လာပြီး သမီးငယ်တို့နေတဲ့ ရေစကြိုမြို့နယ် နေရင်းအုပ်စု၊ ပေါက်အူကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ရေလယ်ကျွန်းဒေသခံတွေက ပြောပါတယ်။
သမီးငယ် မနှင်းရွှေရည်လင်း လက်နက်ကြီးမထိမီ ဇွန်လ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ရေလယ်ကျွန်းက အမျိုးသမီးနှစ်ဦးလည်း သေဆုံးခဲ့ရပါသေးတယ်။
ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းမှာ ရေစကြိုမြို့နယ်၊ မင်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူတွေ ၆၀ မမ လက်နက်ကြီးတွေ၊ အီနာဂါတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ငတရော်ကျေးရွာက အသက် ၃၆ နှစ်အရွယ် မစန်းဌေးဆိုသူ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။
အဲဒီနေ့မနက်ပိုင်းကလည်း မြင်းခြံကနေ ပန်းရောင်းပြီးပြန်လာတဲ့ ဆင်တဲရွာသူ ကလေးနှစ်ယောက်အမေ အသက် ၄၀ နှစ်အရွယ် မမော်လည်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဧရာဝတီမြစ်လယ်မှာ သေဆုံးခဲ့ရပါတယ်။
မမော်စီးလာတဲ့စက်လှေကို လေးအိမ်တန်းဆိပ်ကမ်းက စစ်ကောင်စီတပ်သားတွေက ရေလယ်ရောက်ခါမှ ကမ်းကိုပြန်ကပ်ဖို့်ခေါ်တယ်။ ခေါ်နေရင်းကို ပစ်ခတ်ခဲ့လို့ မမော်သေဆုံးခဲ့ရတာလို့် ဒေသခံတွေက ပြောပါတယ်။
“မြင်းခြံ လေးအိမ်တန်းဆိပ်ကမ်းက ထွက်လာတာ၊ ရေလယ်ကျမှပြန်ကပ်ခိုင်းတာ၊ မကပ်လို့ သေနက်နဲ့ပစ်လိုက်တာရေလယ်ခေါင်မှာပဲ သေဆုံးသွားတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ကျဆုံးသူ ပြည်သူပေါင်း ၃၇၀၁ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇွန်လ နောက်ဆုံးပတ်ကထုတ်ပြန်ထားပါတယ်။ ဒါဟာ ကောက်ခံလို့ရရှိတဲ့စာရင်းတွေသာ ဖြစ်ပြီး မြေပြင်မှာ ဒီ့ထက်ပိုများနိုင်တယ်လို့ စာရင်းပြုစုသူတွေက ဆိုပါတယ်။
“ကျွန်တော်တို့မှာ ကောင်းကောင်းအိပ်ရတယ်။ ကောင်းကောင်းစားရတယ်ကိုမရှိဘူး။ သူတို့ထွက်လာတယ်အသံကြားရင် ထွက်ပြေးနေရတာ။ တော်တော်လေးကို ဒုက္ခရောက်နေပါတယ်။”လို့ သမီးငယ်လေးရဲ့ ဆွေမျိူးနီးစပ်သူတစ်ဦးက ဆိုလိုက်ပါတယ်။