Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“အာဏာရှင်အသက်သွင်းတဲ့ ကျွန်စနစ် (သို့မဟုတ်) ပိုဆိုးလာတဲ့ လူကုန်ကူးမှုများ”

ခွန်းနိုတယောက်လည်း ကရင်နီဒေသက စစ်ဘေးရှောင် ယာယီတဲတခုထဲမှာ လဲလျောင်းနေရင်း မသန်စွမ်းသူတယောက်ရဲ့ ဒုက္ခတွေကို ခါးစည်းခံနေရပါတယ်။

ပန်ဆန်းမြို့
ပန်ဆန်းမြို့

ကွန်ပြူတာဖန်သားပြင်မှာ တိုက်ရိုက်စကားပြောနေရတဲ့ နိုင်ငံခြားသားတယောက်ကို လိင်စိတ် နိုးကြွလာအောင် မဖွယ်မရာပုံတွေပြခဲ့ရတဲ့ အတိတ်ကာလလုပ်ငန်းခွင်နဲ့ ညှဥ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဖြစ်ရပ်တွေဟာသူမစိတ်ကို ထမင်းလုံးတစ္ဆေခြောက်သလို ခြောက်လှန့်နေတယ်လို့ အညာသူမိန်းမပျိုက ရင်ဖွင့်ပါတယ်။ သူတို့ခိုင်းတဲ့အတိုင်းမလုပ်ရင် သာမန်မဟုတ်တဲ့ ပြစ်ဒဏ်တွေပေးပြီး ဓါးမိုးမိုး ခြိမ်း‌ခြောက်ခံခဲ့ရတဲ့ ဟီရိသြတပ္ပတရား ကင်းမဲ့လွန်းတဲ့ အဲဒီလုပ်ငန်းခွင်မျိုးကို အင်မတန် ကြောက်ရွံ့လှပါပြီလို့ မိန်းမပျိုက ပြောပြပါတယ်။

မျက်ခုံး၊မျက်လုံးကောင်းကောင်းနဲ့ အညာသူပီပီ ညိုချောချောတဲ့ မိန်းမပျို​လေးဟာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ နေထိုင်သူပါ။ အသက် ၂ဝ‌ ကျော်အရွယ် ဘွဲ့ရပညာတတ် အညာသူမလေးတဦးပါ။ တရွာလုံးက သူ့ကို လုံမလေးလို့ ခေါ်ကြပါတယ်။

သူက ဖေနဲ့ မေလို့ အဖျားဆွတ်ခေါ်တဲ့ သူ့အဖေ၊ အမေနဲ့အတူ ရွာမှာနေပါတယ်။ စစ်တပ်က နိုင်ငံတော် အဓမ္မလုယူပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ လူထုခုခံတော်လှန်စစ်မှာ ရွှေဘိုသားတွေကလည်း ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ပါဝင်လာကြပါတယ်။စစ်​ကောင်စီတပ်က စစ်တိုင်းတိုင်းထဲကတခြားမြို့နယ်တွေလိုပဲ ရွှေဘိုမြို့တယ်က​ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လုံမလေးတို့ရဲ့ ယာခင်းအပါအဝင် ရွာပတ်

ချာလည်ဟာ မီးထဲ ပါသွားခဲ့ပါတယ်။မိသားစုပိုင်ယာခင်း မီးတိုက်ခံရပြီးနောက်မှာတော့ အလုပ်ရော ဝင်ငွေပါ မရှိတော့တဲ့အခါ အခြားမြို့တမြို့မှာ အလုပ်သွားလုပ်ဖို့ လုံမလေး ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ သူလူကုန်ကူးခံလိုက်ရပြီး ဇာတိမြေရဲ့ အဝေးတနေရာက ငရဲခန်းထဲ ရောက်သွားပါတော့တယ်။

Public Service Announcement

Public Service Announcement

(စစ်​အုပ်စုအာဏာသိမ်းမှု​ကြောင့် လူကုန်ကူးမှု​တွေပိုဆိုးဝါးလာပါတယ်။လူကုန်ကူးခံရရာမှ ပြန်လွတ်​မြောက်လာတဲ့အာရှနိုင်ငံသူအချို့ /သရုပ်​ဖော်ပုံ။ ဓါတ်ပုံ-AFP ၊အယ်လ်ဂျာဇီးယား)
(စစ်​အုပ်စုအာဏာသိမ်းမှု​ကြောင့် လူကုန်ကူးမှု​တွေပိုဆိုးဝါးလာပါတယ်။လူကုန်ကူးခံရရာမှ ပြန်လွတ်​မြောက်လာတဲ့အာရှနိုင်ငံသူအချို့ /သရုပ်​ဖော်ပုံ။ ဓါတ်ပုံ-AFP ၊အယ်လ်ဂျာဇီးယား)

▪︎ယွမ်သုံး​သောင်နဲ့​ရောင်းစားခံရခြင်း

“ညီမတို့အတွက်က အိပ်မက်ဆိုးတခုလိုပဲ။ တချို့ဆို မသေရုံအသက်လေးတွေနဲ့ ပြန်ခဲ့ကြရတယ်”

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသက အုပ်စုဖွဲ့ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတခုမှာ ရောင်းစားခံရပြီးလေးလကြာ ငရဲခန်းအတွေ့အကြုံ ကို လုံမလေးက ရင်ဖွင့်တာပါ။ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီရန်ကြောင့် လုံခြုံမှုမရှိတော့လို့ ရွာကိုစွန့်ခွာခဲ့တဲ့ အညာသူ မိန်းမပျိုတယောက်ရဲ့ ကြမ်းတမ်းလွန်းလှတဲ့ ခရောင်းလမ်းဖြစ်ပါတယ်။

လုံမလေးဟာ ၂၀၂၃ နှစ်စပိုင်းမှာ ရွာကနေထွက်ပြီး အလုပ်ရှာနေတုန်း အသိတယောက်က ချိတ်ဆက်ပေးတဲ့ လူတချို့နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ ကွန်ပြူတာနဲ့ အင်္ဂလိပ်ဘာ

သာစကား အခြေခံရရင် လစာကောင်းကောင်းရမယ်လို့ ပြောတာကြောင့် ရုံးအလုပ်ထင်ပြီး လက်ခံခဲ့ပါတယ်။ဇာတိရွာကနေ ရှမ်းပြည် နယ်မြောက်ပိုင်း လားရှိုးမြို့အထိ ကိုယ့်စားရိတ်နဲ့ကိုယ် ထွက်လာခဲ့ပါတယ်။ လားရှိုးမြို့ကိုရောက်တဲ့အခါ အလုပ်ချိတ်ဆက်ပေးသူက ‘ဝ’ ဒေသ၊ ပန်ဆန်းမြို့ကို ပို့ပါတယ်။

ပန်ဆန်းမြို့ရောက်လို့ အလုပ်ဝင်ရတဲ့အခါကျမှ သူတို့ရောက်နေတဲ့နေရာဟာ ကျားဖြန့်လို့ နာမည်ကြီးနေတဲ့ အင်တာနက်ကနေ ငွေလိမ်နေတဲ့ဂိုဏ်းတခုရဲ့ အဆောက်အဦးထဲကို ရောက်နေတယ်ဆိုတာ သိလိုက်ရတာပါ။ အခြေအနေကို သံသယရှိလို့ စကားပြန်ကတဆင့် မေးတဲ့အခါမှပဲ ရောင်းစားခံရမှန်း သိခဲ့ရတော့တာပါပဲ။

“နင်တို့ကို တရုတ်ငွေ ၃၀,၀၀၀ နဲ့ဝယ်ထားတာ။ နင်တို့ အလုပ်ကောင်းကောင်းလုပ်ကြလို့တရုတ်တစ်ယောက်က စကားပြန်နဲ့ပြောတယ်။ အဲ့ကျမှ လူကုန် ကူးခံရတာသိတာ” လို့ လုံမလေးကပြောပါတယ်။

သူအပါအဝင် မြန်မာမိန်းကလေးနဲ့ ယောက်ျားလေး စုစုပေါင်း ၁၂ ဦး တပြိုက်နက် ရောင်းစားခံခဲ့ရတာပါ။ ယွမ်ငွေ ၃၀,၀၀၀ဆိုတာ အဲဒီအချိန်က မြန်မာငွေ ကျပ် သိန်း ၁၂ဝ လောက် ပေါက်ပါတယ်။ လူကုန်ကူးတဲ့သူက တစ်ကြိမ်တည်းနဲ့ ကျပ် သိန်းထောင်ချီယူ သွားပြီး စုပ်စမြုပ်ပျောက်သွားပါတယ်။ လုံမလေးတို့တသိုက်ကတော့ အဲဒီအချိန်ကစပြီး တရုတ်နိုင်ငံသားတွေ ရာချီရှိနေတဲ့ အခန်းကျယ်ကြီးထဲမှာ လုံခြုံရေးအစောင့်အထပ်ထပ်နဲ့ ပိတ်ခံလိုက်ရပါတော့တယ်။

လုံမလေးတို့ဟာ အင်တာနက်ကတဆင့် သားကောင်ရှာရပါတယ်။ အကောင့်အတုတွေသုံးပြီး အနောက် နိုင်ငံတွေက အမျိုးသားတွေ၊ အမျိုးသမီးတွေကို စည်းရုံးရေးဆင်းကြရတယ်။ တဘက်က လိင်မှုကိစ္စ တောင်းဆိုလာရင် တရုတ်တွေက သူတို့ရိုက်ထားတဲ့ဗီဒီယိုဖိုင်တွေကို ပို့ခိုင်းတယ်။ လိင်ကိစ္စ အသားပေးပြောပြီးစည်းရုံးကြရတယ်။ တစ်နေ့ကို သားကောင်ငါးယောက်ရအောင် ရှာရတယ်။ မရရင် နေပူထဲလှန်းတယ်။ ထိုင်ထ အခါ ၄၀၀ ကနေ ၁,၀၀၀ အထိ လုပ်ကြရတယ်။ အေးပြီး နံစော်နေတဲ့ အမှောင်ခန်းထဲ ပိတ်ထားတယ်။ လုံမလေးကိုယ်တိုင် အမှောင်ခန်းထဲမှာ နှစ်ရက် အချုပ်ခံခဲ့ရ​သေးတယ်လို့ ပြောပါတယ်။

ဒီအလုပ်တွေ ဆက်မလုပ်နိုင်တဲ့အကြောင်း ပြောတဲ့အခါ ယွမ်ငွေ ၁၅,၀၀၀ ပေးမှ ပြန်ခွင့်ပေးမယ့်အကြောင်းနဲ့ သူတို့ပြောစကား နားမထောင်ရင် တိုက်ပိတ်ချုပ်နှောင်မယ့်အပြင် တရုတ်ပြည်မကြီးထဲကို ထပ်ရောင်းစားပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ အမှန်တကယ်လည်း လုံမလေးတို့ဘဝတူတွေထဲက နှစ်ဦးကို တိုက်ပိတ်ပစ်ခဲ့တယ်လို့ ပြန်ပြောပါတယ်။ မိန်းမပျိုတယောက်အနေနဲ့ ဒီလို မဖွယ်မရာအလုပ်တွေ ဆက်မလုပ်နိုင်တော့တာမို့ ဇာတိရွာက မိဘတွေဆီ ဆက်သွယ်ပြီး သူ့ကိုပြန်ရွေးထုတ်ဖို့ ပြောခဲ့ပါတယ်။

သမီးဖြစ်သူရဲ့ အရှင် လတ်လတ်ငရဲခန်း​ရောက်​နေတာကို သိလိုက်ရတဲ့ အညာက အဖေနဲ့အမေကလည်း လုံမလေးကို ပြန်ရွေးထုတ်ဖို့ ဆုံး ဖြတ်လိုက်ပါတယ်။ ရွေးဖို့လိုအပ်တဲ့ ယွမ်ငွေ ၁၅,၀၀၀ (မြန်မာငွေ ကျပ် သိန်း ၆၀ နီးပါး) မရှိတဲ့အတွက် သူတို့နေတဲ့အိမ်ကို အသိတယောက်ဆီ ၈ ကျပ်တိုးနဲ့ ပေါင်လိုက်ပါတယ်။ အဲဒီငွေနဲ့ လုံမလေးကို ရွေးထုတ်နိုင်ခဲ့တာ‌ကြောင့် လအနည်းငယ်အကြာမှာ လူကုန်ကူးခံငရဲခန်းကနေ လုံမလေးပြန်လွတ်လာခဲ့ပါတယ်။ ငွေမပေးနိုင်သူတွေကတော့ ‘ဝ’ဒေသရဲ့ ငွေလိမ်ဂိုဏ်းမှာ ကျန်ခဲ့ကြရပါတယ်။

(စစ်​အုပ်စုအာဏာသိမ်းမှု​ကြောင့် လူကုန်ကူးမှု​တွေပိုဆိုးဝါးလာပါတယ်။လူကုန်ကူးခံရရာမှ ပြန်လွတ်​မြောက်လာတဲ့အာရှနိုင်ငံသူအချို့ /သရုပ်​ဖော်ပုံ။ ဓါတ်ပုံ-AFP ၊အယ်လ်ဂျာဇီးယား)
(စစ်​အုပ်စုအာဏာသိမ်းမှု​ကြောင့် လူကုန်ကူးမှု​တွေပိုဆိုးဝါးလာပါတယ်။လူကုန်ကူးခံရရာမှ ပြန်လွတ်​မြောက်လာတဲ့အာရှနိုင်ငံသူအချို့ /သရုပ်​ဖော်ပုံ။ ဓါတ်ပုံ-AFP ၊အယ်လ်ဂျာဇီးယား)

▪︎လူကုန်းကူးသား​ကောင်းဖြစ်ခဲ့ရပြီး မသန်စွမ်းပါဖြစ်ခဲရတဲ့ ခွန်းနို

လုံမလေးလိုပဲ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တောင်ပေါ်ရွာလေးတရွာက အသက် ၂၂ နှစ်အရွယ် ခွန်းနိုကလည်း စစ်အုပ်ချုပ်ရေးဒေသက လူကုန်ကူးခံလူငယ်တဦးဖြစ်ခဲ့ရပါတယ်။ သူ့ဇာတိမှာ နေလို့အဆင်မ‌ပြေတော့တာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ ကြိုးစားရင်း လူကုန်ကူးခံရပြီး ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ရတဲ့အထိ အခြေအနေဆိုးနဲ့ ကြုံခဲ့ရပါတယ်။

သူ့ကို လူကုန်ကူးတဲ့သူက ငွေကြေးတွေယူသွားသလို ထိုင်းနိုင်ငံကိုရောက်တဲ့အခါ နိုင်ငံကူးလက်မှတ် ပြန်မပေးတော့ဘဲ ရှောင်ထွက်သွားတာပါ။ တချိန်ထဲမှာ ခွန်းနိုတယောက် ကျန်းမာရေး ရုတ်တရက် ထိခိုက်သွားခဲ့ပါတယ်။ရေခြား

မြေခြားမှာ လုံလောက်တဲ့ဆေးကုသမှု မရခဲ့တဲ့ ခွန်းနိုဟာ ခြေထောက်တွေ ချိနဲ့သွားပြီး မသန်စွမ်းဘဝကို ရောက်သွားပါတော့တယ်။ သူဟာ မြန်မာ နိုင်ငံသားတွေအများစုရှိတဲ့ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ လူကုန်ကူးခံခဲ့ရတာပါ။ မသန်စွမ်းဘဝနဲ့ မဟာချိုင်မှာ ဆက်နေဖို့ မဖြစ်တော့တဲ့အတွက် ဒီးမော့ဆိုမြို့ကို ခက်ခက်ခဲခဲ ပြန်ခေါ်ခဲ့ရတယ်လို့ ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ စစ္စတာ စိမ့်စမ်းရေက ပြောပါတယ်။

“ဒီမှာက စစ်တပ်က မထင်ရင် မထင်သလို ပစ်သတ်တယ်လေ။ လေကြောင်းကနေလည်း ပစ်ချင်ပစ်နေတော့ ဒီက ငရဲခန်းမှာ စားရမဲ့သောက်ရမဲ့အနေ အထားနဲ့ ဖြစ်မယ့်အစား ဟိုဘက်မှာက ပိုက်ဆံရတယ်ဆိုပြီးတော့ ကိုယ်တိုင် လူကုန်ကူးခံနေကြတော့တာ” လို့ စစ္စတာစိမ့်စမ်းရေက ပြောပါတယ်။

ခွန်းနိုဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပိုင်း နိုင်ငံထဲမှာမနေနိုင်လို့ ထိုင်းနိုင်ငံဘက်ကို အောက် လမ်းကနေ တရားမဝင်သွားခဲ့တဲ့ သိန်းချီအရေအ တွက်ရှိတဲ့ မြန်မာနိုင်ငံသားလူငယ်တွေထဲက တစ်ဦးသာဖြစ်ပါတယ်။ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ် ဇွန်လအထိ တရားမဝင် ဝင်ရောက်လာသူ ၁၀၀,၀၀၀ ဝန်းကျင် ရှိတယ်လို့ ထိုင်းအစိုးရက မကြာသေးမီက ထုတ်ပြန်ထားပါတယ်။ လူငယ်အများအပြားဟာ ခွန်းနိုလိုပဲ လူပွဲစားတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ပြီး လူကုန်ကူးခံခဲ့ကြရတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

(စစ်​အုပ်စုအာဏာသိမ်းမှု​ကြောင့် လူကုန်ကူးမှု​တွေပိုဆိုးဝါးလာပါတယ်။လူကုန်ကူးခံရရာမှ ပြန်လွတ်​မြောက်လာတဲ့အာရှနိုင်ငံသူအချို့ /သရုပ်​ဖော်ပုံ။ ဓါတ်ပုံ-AFP ၊အယ်လ်ဂျာဇီးယား)
(စစ်​အုပ်စုအာဏာသိမ်းမှု​ကြောင့် လူကုန်ကူးမှု​တွေပိုဆိုးဝါးလာပါတယ်။လူကုန်ကူးခံရရာမှ ပြန်လွတ်​မြောက်လာတဲ့အာရှနိုင်ငံသူအချို့ /သရုပ်​ဖော်ပုံ။ ဓါတ်ပုံ-AFP ၊အယ်လ်ဂျာဇီးယား)

▪︎စစ်အုပ်ချုပ်​ရေးနဲ့လူကုန်ကူးမှု

စစ်ကောင်စီဟာ ၂၀၂၁ မတ်လ ၁၅ ရက်မှာ ရန်ကုန် တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း မြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။သူ့အာဏာစက် မစိုးမိုးတော့တဲ့ဒေသတွေမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာခဲ့တာမှာ လက်ရှိအချိန်အထိ ၄၇ မြို့နယ် ရှိသွားပါပြီ။

စစ်ကိုင်းတိုင်းမှာဆိုရင် အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ်၊ မကွေးတိုင်းမှာ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နဲ့ မြိုင်မြို့နယ်၊ ပဲခူးတိုင်းမှာ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်၊ တနင်္သာရီတိုင်းမှာ တနင်္သာရီနဲ့ ပုလောမြို့နယ်၊ မွန်ပြည်နယ်မှာရေးမြို့နယ်၊ ကရင်ပြည်နယ်မှာ ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်မြို့နယ်၊ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ဘော်လခဲမြို့နယ်၊ ချင်းပြည်နယ်မှာ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်၊ ဟားခါးနဲ့ မင်းတပ်မြို့နယ်တို့မှာ စစ်အုပ်ချုပ်ရေး ကြေညာထားတာပါ။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ လုံမလေးနဲ့ခွန်းနိုလို လူကုန်ကူးခံရသူတွေ အများအပြားရှိနေတယ်လို့ လူ့အခွင့်ရေးလှုပ်ရှားသူတွေကပြောပါတယ်။

“လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေး ချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငှာ” လို့ စစ်ကောင်စီတပ်က ခေါင်းစဉ်တပ်ခဲ့ပေမယ့် စစ်အုပ်စုအုပ်ချုပ်နိုင်ဖို့ကလွဲလို့ လူထုအတွက် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို လုံးဝအရေးမစိုက်တော့ဘူးလို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။မြို့ပြမှာဖြစ်နေတဲ့ လူသတ်မှု၊လုယက်မှု၊ ဓားပြတိုက်မှု စတဲ့ရာဇဝတ်မှုတွေက ထင်သာမြင်သာရှိပေမယ့် လူကုန်ကူးမှုတွေကတော့ ပင်လယ်ထဲက ရေခဲတုံးလို ရေပေါ်မှာ အပိုင်းအစလေးသာပေါ်ပြီး ရေအောက်က ထုထည်ကြီးကြီးမားမားရှိနေတယ်လို့ အရပ်ဘက်အဖွဲ့တွေကပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း နိုင်ငံတကာရင်းနှီးမြှပ်နှံမှုတွ​လျော့ကျသွားတာ ၊ ကုန်သွယ်မှု​လျော့ကျတာ၊ မီးမကြာခဏပျက်ပြီးစက်သုံးဆီ​ဈေးကြီးလို့လုပ်ငန်း​လေးတွေရပ်နားသွားတာ၊ရပ်နားသွားတဲ့အလုပ်​တွေများပြီး အလုပ်

လက်မဲ့​တွေများလာတာ၊ ကုန်​ဈေးနှုန်း​တွေကြီးမြင့်တာ ၊စစ်တပ်က အညာ​ဒေသ​တွေမှာ မီးရှို့ဖျက်ဆီအကြမ်းဖက်တာ​တွေ​ကြောင့် စိုက်ပျိုး​ရေးလုပ်ငန်း​တွေမလုပ်နိုင်တာ ၊ အဂတိလိုက်စားမှုများလာတာ စတဲ့ ပြသာနာ​တွေ​ကြောင့် နိုင်ငံစီးပွား​ရေးက ​အလွန်အမင်းကျဆင်း​နေပါတယ်။ အလုပ်အကိုင်​တွေမရှိ ၊ နိုင်ငံတွင်းမှာ စစ်​ကောင်စီကအချိန်မ​ရွေး ဖမ်းဆီး သတ်ဖြတ်ခံရနိုင်တဲ့အ​ခြေအ​နေ​တွေ​ကြောင့်ပြည်ပကိုသွား​ရောက်အလုပ်လုပ်ကိုင်လိုသူ ၊အလုပ်လိုချင်သူ​တွေအများအပြားရှိ​နေတာက လူကုန်ကူးသူ​တွေအတွက် အခွင့်အလမ်းဖြစ်​နေပါတယ် ။

“လူကုန်ကူးမှုတွေက ရန်ကုန်မှာအခြေအနေဆိုးနေပါတယ်။ စစ်တပ်က အရေးမလုပ်ပါဘူး။ ရန်ကုန်က လူကယ်ပြန်ရုံးတွေမှာဆိုရင် စစ်ကောင်စီတပ် ဗျူဟာမှူးက အထိုင်ချတပ်စွဲထားပါတယ်။ ရုံးက နာမည်တော့ရှိတယ်။ ဒ့ါပေမယ့် စစ်တပ်က တပ်စွဲထားတယ်” လို့ အမျိုးသမီးနဲ့ကလေးငယ်တွေအရေး ဆောင်ရွက်သူတဦးက ပြောပါတယ်။

ရန်ကုန်မြို့ဟာ အနယ်နယ်အရပ်ရပ်ကရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားများပြားသလို လူကုန်ကူးမှု အများဆုံးဖြစ်တဲ့ ဒေသလည်းဖြစ်ပါတယ်။ စစ်ကောင်စီလက်ထက်မှာတော့ လူကုန်ကူးခံရတဲ့ဖြစ်စဉ်တွေဟာ ရဲစခန်းမှာ တိုင်ချက်ဖွင့်တဲ့အဆင့်ကို ရောက်မလာတော့ဘဲ ကာယကံရှင်တွေဟာ ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းနေကြရတယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့မှာ ၂၀၂၁ ခုနှစ်က ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုတွေကိုတောင် ၂၀၂၃ ခုနှစ်အထိ စစ်ကောင်စီက စစ်ဆေးခြင်းမရှိဘူးလို့ အမှုလိုက်ရှေ့နေအချို့ကပြောပါတယ်။ အမျိုးသမီးငယ်တဦး လူကုန်ကူးခံရတဲ့ဖြစ်စဉ်မှာ လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ အရပ်ဘက်အရေးဆောင်ရွက်သူတဦးကလည်း

“၂၀၂၁ မှာဖြစ်ခဲ့တဲ့ လူကုန်ကူးမှုကို ၂၀၂၃ ခုနှစ် နှစ်လယ်ရောက်မှ တရားရုံးမှာ သက်သေထွက်ဆိုပေးခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ လူကုန်ကူးမှုတွေကို မြင်တွေ့ကြားသိနေရပေမယ့် အရင်ကလို ပါဝင်ဆောင် ရွက်တာမျိုး မလုပ်ရဲတော့ဘူးလို့ အခုအခါမှာ ပုန်း လျှိုးကွယ်လျှိုးနေနေကြရတဲ့ အရပ်ဘက်အဖွဲ့ဝင်တွေက ပြောကြပါတယ်။ စစ်တပ်က သူ့အာဏာ တည်မြဲရေးပဲ အာရုံစိုက်နေပြီး အရပ်ဘက်အဖွဲ့အ စည်းတွေကို ရန်သူလို သဘောထားနေတယ်လို့ ပြောပါတယ်။

စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာခံထားရတဲ့မြို့နယ် အများဆုံးရှိတဲ့ စစ်ကိုင်းတိုင်းထဲမှာဆိုရင်လည်းလူကုန်ကူးမှုတွေဟာ အာဏာရှင်အရိပ်ဆိုးအောက်မှာ တိမ်မြုပ်နေတယ်လို့ ​ရွေးကာက်ခံအရပ်သားအစိုးရလက်ထက်က မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနဲ့ စောင့်ရှောက်ရေးအသင်းဝင် ဒေါ်မာမာ ပြောပါတယ်။

အရပ်သားအစိုးရလက်ထက် နိုင်ငံရေးရေချိန် ပွင့်လင်းမြင်သာလာတဲ့ ၂၀၁၅ ကနေ ၂၀၂၀ ကြားမှာ စစ်ကိုင်းတိုင်းထဲ နှစ်စဉ် လူကုန်ကူးမှု ၃၀၀ ကျော်ရှိခဲ့တယ်လို့ ကိုယ် တိုင်စာရင်းပြုစုခဲ့တဲ့ ဒေါ်မာမာကပြောပါတယ်။ စစ်အာဏာရှင်လက်ထက်မှာတော့ ရာဇဝတ်မှု ပိုများလာပြီး ကယ်ရာမဲ့နေတဲ့ ကျူးလွန်ခံရသူတွေဟာ ကိုယ်ရင်ဆိုင်နေရတဲ့ပြဿ နာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျိတ်ဖြေရှင်းနေကြရတယ်လို့ ပြောပါတယ်။

“ဒီလိုကာလကိုဖြတ်သန်းရတာ တော်တော်ကို စိတ်ထိခိုက်ရပါတယ်။ မသိလို့ မကူညီနိုင်တာလည်းရှိတယ်။ သိနေလျက်နဲ့ မကူညီနိုင်တာလည်းရှိတယ်။ အခုလို တောမီးလောင် တောကြောင် လက်ခမောင်း ခတ်နေတဲ့အချိန်မှာ လူကုန်ကူးချင်တဲ့ပွဲစားတွေ အကြိုက်ဆုံးပဲ” လို့ ဒေါ်မာမာက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းထားချိန်၊ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) အနေနဲ့ အုပ်ချုပ်ရေးယန္တ ရားလည်ပတ်နိုင်ရေးနဲ့ စိုးမိုးနယ်မြေရရှိရေး ကြိုစားနေချိန်မှာ လူကုန်ကူးခံရသူတွေဟာ ဥပဒေရဲ့အကာ အကွယ် ဘယ်လိုယူရမယ်ဆိုတာ မသိနိုင်ကြဘဲ လမ်းပျောက်နေတယ်လို့ မြောင်ပညာရေးကွန်ရက်က မအမရာက ပြောပါတယ်။ စုံစမ်းမှုတွေအရလည်း လူကုန်ကူးခံရသူတွေဟာ သူတို့အမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို မတိုင်ကြားသလို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေဆီကိုလည်း တိုင်ကြားတာမျိုးမရှိပါဘူး။ ဒီအခြေအနေတွေကြောင့် လူငယ်တွေ၊အမျိုးသမီးတွေအတွက် သိပ်စိုးရိမ်စရာကောင်းတယ်လို့ မအမရာကပြောပါတယ်။

အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ်အတွက် ထုတ်ပြန်ထားတဲ့ လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာမှာ အာဏာ သိမ်းစစ်ကောင်စီလက်ထက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှုအခြေအနေ ဆက်လက်ဆိုးရွားနေတယ်လို့ သတိပေးထားပါတယ်။ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုအတွက် လိုအပ်တဲ့ အနည်းဆုံးစံနှုန်းတွေကို မပြည့်မီဘူးဆိုတဲ့ သတ်မှတ်ချက် Tier 3 အဆင့်မှာ ဆက်ထားခဲ့ပါတယ်။ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့တဲ့ စစ်တပ်ကြောင့် နိုင်ငံတဝန်း လူပေါင်း တစ်သန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး လူကုန်ကူးခံရမှုအန္တရာယ်မြင့်မားလာတယ်လို့ ပြောကြပါတယ်။ ဒါ့အပြင် ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံတွေကို အင်အားသုံး နှိမ်နင်းဖို့ပဲ အာရုံစိုက်နေတာကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေးကြိုးပမ်းမှုတွေ သိသိသာသာ ကျဆင်းသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနက်ကြောင့် မိသားစုဝင်ငွေမရှိတော့လို့ ရရာအလုပ်ရှာခဲ့တဲ့‌ ရွှေဘိုသူ လုံမလေးဟာ ငွေကျပ် သိန်း ၁၂ဝ နဲ့ ရောင်းစားခံရတာနဲ့အတူ လူကုန်ကူးခံဘဝကို ရောက်ခဲ့ရပါတယ်။ မသတီစရာငရဲခန်းကို ဖြတ်သန်းခဲ့ရပါတယ်။ ရွာကိုပြန်ရောက်လာပေမယ့် စစ်ကောင်စီရန်ကြောင့် မကြာခဏ ပြေးလွှားနေရသလို စိုက်ပျိုးခင်းတွေလည်း ဖျက်ဆီးခံထားရတာကြောင့် တမိသားစုလုံးမှာ တစ်ဦးချင်း ပုံမှန်ဝင်ငွေ မရှိကြတော့ပါဘူး။ ဒါကြောင့် လအနည်းငယ် အကြာမှာပဲ သူတို့နေအိမ် အပေါင်ဆုံးခဲ့ရပြီး ဘိုးဘွားပိုင်အိမ်ပေါ်ကနေ လုံမလေးတို့မိသားစု ဆင်းခဲ့ရပါတယ်။

အခုအခါမှာတော့ လုံမလေးဟာ မန္တလေးမြို့က အိမ်တွင်းစက်မှုလုပ်ငန်းတခုမှာ လစာ တစ်လ ကျပ် ၁၅၀,၀၀၀ နဲ့ အလုပ်ဝင်လုပ်နေပါတယ်။ မိဘတွေကတော့ ရွာမှာပဲ လက်လုပ်လက်စားဘဝနဲ့ ရုန်းကန်နေရပါတယ်။

ခွန်းနိုတယောက်လည်း ကရင်နီဒေသက စစ်ဘေးရှောင် ယာယီတဲတခုထဲမှာ လဲလျောင်းနေရင်း မသန်စွမ်းသူတယောက်ရဲ့ ဒုက္ခတွေကို ခါးစည်းခံနေရပါတယ်။

(စစ်​အုပ်စုအာဏာသိမ်းမှု​ကြောင့် လူကုန်ကူးမှု​တွေပိုဆိုးဝါးလာပါတယ်။လူကုန်ကူးခံရရာမှ ပြန်လွတ်​မြောက်လာတဲ့အာရှနိုင်ငံသူအချို့ /သရုပ်​ဖော်ပုံ။ ဓါတ်ပုံ-AFP ၊အယ်လ်ဂျာဇီးယား)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ခြံဝင်းထဲမှာ အနှိပ်ခန်းတစ်ခု၊ ကာရာအိုကေခန်းတွေ၊ စားသောက်ဆိုင် တစ်ခုနဲ့ လိင်ဖျော်ဖြေရေး ပစ္စည်းတွေ စီစဉ်ထားရှိတာကိုလည်း ရဲတွေက ရှာတွေ့ခဲ့ပါတယ်။

သတင်း

အင်အားကြီးမားသည့် ဆိုင်ကလုန်းမုန်တိုင်း မေလ ၁၄ရက်တွင် စစ်တွေအပါအဝင် ရခိုင်ပြည်နယ်မြို့နယ်များသို့ ဝင်ရောက်ခဲ့ရာ ကြိုတင်ပြင်ဆင်မှုရ၍ လူသေဆုံးမှု နည်းသော် လည်း အိုးအိမ်ပျက်စီးမှု အများအပြားကြုံရသည်ဟု ဆိုသည်။

သတင်း

အစီရင်ခံစာ အဆုံးသတ်၌ Noeleen Heyzer က မြန်မာနိုင်ငံတွင် ကြေကွဲဝမ်းနည်းဖွယ်ရာများနှင့် မသေချာမှုများ ရှိနေသည့်တိုင် နိုင်ငံအတွင်း မကြုံစဖူး စည်းလုံးညီညွတ်မှုများ ရှိနေကြောင်း ပြောသည်။

သတင်း

၂၀၂၃တွင်ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းမှာ ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်က ၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၅ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု IMFကဆိုထားသည်။