Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ဗုံးခိုကျင်းထဲက မျက်ဝန်းလဲ့တစုံ

လူ ၅ ယောက်လောက်သာကောင်းကောင်းဆံ့တဲ့ ဒီကျင်းလေးက အမြင့်လေးပေလောက်မို့ လူတစ်ယောက်ထိုင်နေရင် ကောင်းကောင်းလွတ်ယုံသာရှိပါတယ်။ ဗုံးခိုကျင်းလေးက ဖုန်နံ့ကြောင့်ပဲလားမသိ မွန်းကြပ်သလို ရှိပါတယ်။

ဗုံးခိုကျင်းထဲက မျက်ဝန်းလဲ့တစုံ
ဗုံးခိုကျင်းထဲက မျက်ဝန်းလဲ့တစုံ

ဂျာမုန်း/𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

မြေမညီလမ်းကြမ်းမှာ တဂျုံးဂျုံး၊ တဂျမ်းဂျမ်းမြည်နေတဲ့ 4 wheel ကားတစ်စီးက ခပ်သုတ်သုတ်အားကုန်ရုန်းရင်း ဖုန်အလုံးလုံးနဲ့ ခရီးဆက်နေပါတယ်။ အရိပ်ကောင်းတဲ့အပင်ကြီးအောက်တနေရာရောက်တော့ ကားဆရာက ကားထိုးရပ်ရင်း “ရှေ့မှာတခြား နားစရာနေရာ ထပ်မရှိလို့ ဒီရွာမှာပဲ နေ့လယ်စာဝင်စားပြီးမှ ခရီးဆက်ကြတာပေါ့”လို့ ပြောတော့ အဆာလွန်နေတဲ့သူ့ဗိုက်က တဂွီဂွီသံပိုကျယ်လာပါတော့တယ်။

ဘယ်အိမ်မှာ ထမင်းဝင်စားရမလဲ မျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်တော့ ရွာလမ်းက ရှင်းလင်းနေလေရဲ့။ ရှားရှားပါးပါး လူအရိပ်လှမ်းတွေ့တဲ့ အိမ်တစ်အိမ်ထဲ သူဝင်လိုက်ပြီး ထမင်းစားဖို့ခွင့်တောင်းတော့ အသက် ၆၀ အရွယ်လောက်ထင်ရတဲ့အိမ်ရှင်အဖွားနဲ့ ၁၀ နှစ်အောက်အရွယ် သူ့မြေးမလေးက အရွက်ကြော်နဲ့ ငါးပိရည် တို့စရာကို စေတနာပါပါ ခူးခပ်၊ ချကျွေးတယ်။ အမြင်၊ အနံ့နဲ့တင် သူ့စိတ်ထဲမှာတော့ “နတ်သုဒ္ဓါပဲ”ပဲလို့ ရေရွတ်မိတယ်။

အသားတု၊ ငါးနီတူခြောက်နဲ့ တာရှည်အထားခံတဲ့ကုန်ခြောက်တွေပဲ ရက်ဆက်စားနေရတဲ့သူ့အတွက်တော့ အသီးအရွက်နဲ့ စိုစိုပြေပြေစားရတာဟာ အမေ့အိမ်ပြန်ရောက်တဲ့အလားပါပဲ။ အငန်းမရ မြိန်ရည်ယှက်ရည်စားနေတုန်း မိုးပေါ်က တဝီဝီသံကြီးစကြားရတော့တယ်။

Public Service Announcement

Public Service Announcement

တဆက်တည်းမှာပဲ “လေယာဉ်လာတယ် ပုန်းပုန်း” လို့ အိမ်ရှင်အဖွားက လှမ်းအော်ပါတော့တယ်။ ထမင်းစားနေရင်းလက်စ အယောင်ယောင်အမှားမှားနဲ့ တို့စရာ သရက်သီးစိပ်ကို လက်ထဲကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဗုံးခိုကျင်းဆီ သူထပြေးတယ်။

အဲဒီတခဏအတွင်း ကောင်းကင်က ကျောခြမ်းစရာဆူညံသံကြီးကလည်း တဖြည်းဖြည်း ပိုကျယ်ကျယ်လာပါတော့တယ်။

လေးပေလောက်နက်တဲ့ မြေကျင်းကို အပေါ်ကသစ်လုံးတွေအစီအရီခင်းထားပြီး အဲ့အပေါ်မှာမှ သဲအိတ်တွေထပ်ခင်းထားတဲ့ ဗုံးခိုကျင်းထဲ သူပြေးဝင်လိုက်ချိန် အိမ်ရှင်မြေးအဖွားနှစ်ယောက်က ကျင်းထဲ သူ့အရင်ရောက်နှင့်နေပြီ။ လက်ထဲက လက်နှိပ်ဓာတ်မီးဖွင့်လိုက်တော့ ကျင်းထဲမှာ ရေနဲ့ စားစရာအခြောက်အခြမ်းတချို့သိမ်းထားတာကို မြင်လိုက်ရတယ်။ ၆ ပေသာသာအကျယ်ရှိလို့

လူ ၅ ယောက်လောက်သာကောင်းကောင်းဆံ့တဲ့ ဒီကျင်းလေးက အမြင့်လေးပေလောက်မို့ လူတစ်ယောက်ထိုင်နေရင် ကောင်းကောင်းလွတ်ယုံသာရှိပါတယ်။ ဗုံးခိုကျင်းလေးက ဖုန်နံ့ကြောင့်ပဲလားမသိ မွန်းကြပ်သလို ရှိပါတယ်။

မြန်လွန်းနေတဲ့ အသက်ရှူသံ၊ နှလုံးခုန်သံတို့ကို တည်ငြိမ်ဖို့ကြိုးစားနေရင်းက ဗုံးခိုကျင်းထဲ ဝေ့ဝိုက်စူးစမ်းနေတဲ့ သူ့မျက်ဝန်းတွေကိုမြင်တဲ့အဖွားက စကားစပြောတယ်။

“လေယာဉ်က ခုတလော တိုက်ပွဲရှိတော့ အမြဲလာနေတာလေ။ တခါတခါပျံရင် တနာရီလောက်ရှိတယ်၊ ပတ်ပျံနေတာအကြာကြီး။ ညလည်း ည မနက်လည်း မနက်ပဲ၊ ရာသီဥတုပူလွန်းလို့ ကျင်းထဲတောင် မပုန်းနိုင်ဘူး …” အိမ်ရှင်အဖွားရဲ့စကားမဆုံးလိုက်နိုင်။ “ဒုန်း….ဒုန်း” ဆိုတဲ့ နှစ်ခါဆက်တိုက် အသံကျယ်ကြီးနဲ့အတူ မြေပြင်ရဲ့ တုန်ခါမှုကိုပါ ခံစားလိုက်ရတယ်။ ဗုံးခိုကျင်းအမိုး သစ်လုံးတွေကြားက မြေမှုန်တွေကျလာတယ်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း အဲဒီအသံလှုင်းနဲ့အတူ သိမ့်သိမ့်တုန်သွားတယ်။

တိုက်ပွဲတွေရှိရာနေရာတွေမှာ သွားလာ၊ နေထိုင်ဖူးပေမယ့် သူ့အတွက် ဒါဟာ ပထမဆုံးအကြိမ် လေယာဥ်ပစ်သံကို နီးနီးကပ်ကပ် ကြားဖူး၊ ကြုံဖူးတာမို့ ကြောက်စိတ်ကလွှမ်းမိုးပြီး ထူပူနေတာ သေချာတယ်။

ဗုံးခိုကျင်းထဲအတူရှိနေတဲ့ ကလေးလေးဆီအကြည့်ရောက်သွားတော့ စိုးရိမ်အကြောက်လန့်မှု မျက်ဝန်းချင်း ဆုံသွားကြတော့တယ်။ ဓာတ်မီးရောင်လဲ့လဲ့ကြား တဖျက်ဖျက်လဲ့နေတဲ့ ၁၀ နှစ်အရွယ်ကလေးငယ်လေးရဲ့ မျက်ဝန်းတွေထဲ မျက်ရည်တွေဝေ့ဝဲနေလေသလား။ ဓာတ်မီးရဲ့ အလင်းရောင်ကြောင့်ရယ်ပဲလားတော့ မသိ။

အရွယ်နဲ့မလိုက်တဲ့ စိုးရိမ်ပူပန်မှုတွေကတော့ ကလေးရဲ့မျက်နှာပေါ်မှာ အရှင်းသား မြင်နေရတယ်။ သူ ငယ်ငယ်က အဲဒီအသက်အရွယ်မှာ ကျောင်းတက်လိုက်၊ ဆော့လိုက်၊ မိဘကိုဂျစ်ကန်ကန်လုပ်လိုက်နဲ့ ကလေးပီပီအပူအပင်ကင်းကင်းနေခဲ့တာလို့ တွေးမိရင်း ဝမ်းနည်းမှုနဲ့အတူ မျက်ရည်က အလိုလိုဝဲတက်လာတယ်။ ဗုံးခိုကျင်းလေးထဲ သူ့မျက်နှာ ကိုယ်ကြည့်၊ ကိုယ့်မျက်နှာ သူကြည့်ရင်း အဖွားက စကားပြန်စပြန်တယ်။

“ရွာထဲက မိန်းမတွေ ကလေးတွေ တော်တော်များများကတော့ မြို့ပေါ် ပြောင်းပြေးကုန်ပြီ၊ အဖွားကတော့ မြေးလေးနဲ့ နှစ်ယောက်ဆိုတော့ ဝေးဝေးလည်း ပြေးမနိုင်ဘူး” လို့ အဖွားက ပြောတယ်။ အဲဒီမှာ လေယာဉ်သံ ပိုကျယ်လာပြန်တယ်။ ဗုံးခိုကျင်းနားလေယာဥ်ပြန်ပတ်လာပြီမို့ စကားစပြတ်သွားပြန်တယ်။

နာရီဝက်နီးပါးပုန်းပြီးတဲ့နောက် လေယာဉ်သံက ဝေးသထက်ဝေးသွားပြီ။ အဖွားက အပြင်ထွက်လို့ရပြီဆိုတဲ့အခါ သူကကျင်းထဲက ကုန်းထထွက်ခဲ့တယ်။ အဖွားတို့ပြင်ကျွေးတဲ့ထမင်းပွဲ စားနေရင်းက အယောင်ယောင်အမှားမှားနဲ့ လက်ထဲဆုပ်လာမိတဲ့ သရက်သီးစိပ်လေးလည်း ကျင်းထဲမှာပဲ ကျန်ခဲ့လေသလားမသိ။ ခုနက “နတ်သုဒ္ဓါ” လည်း အဲဒီသရက်သီးစိပ်လိုပဲ ကျပျောက်သွားလေပြီ။

ထမင်းကျွေး ခိုနားခွင့်ပေးတဲ့ မြေးအဖွားကို ကျေးဇူးတင်စကားပြောပြီးတော့ သူ ပြန်ထွက်ဖို့ ပြင်တော့တယ်။ အဖွားအိမ်ရှေ့က ခြေလှမ်းတောင်မခွါ​ရသေးခင် ခပ်လှမ်းလှမ်းတစ်နေရာက ပေါက်ကွဲသံ သဲ့သဲ့ကို ဆက်တိုက်ကြားရပြန်တယ်။ လေယာဥ်သံမရှိတော့တာမို့ လက်နက်ကြီးလား ဗုံးသံလား မဝေခွဲတတ်။ ငါးခါတိတိ ရှေ့ဆင့်နောက်ဆင့်ထပ်ကြားရတာမို့ သူ ခပ်သွက်သွက်ပဲ ကားပေါ်တက်ပြီး ခရီးဆက်ခဲ့တယ်။ သူတို့ကား ထွက်သွားပြီးတဲ့နောက် အဖွားတို့တွေ အဆင်ပြေပြေကျန်ခဲ့ကြ လေသလား။ သူ မသေချာပါ။

အဲဒီညက လိုရာခရီး အန္တရာယ်ကင်းကင်းရောက်ခဲ့ပေမယ့် ဗုံးခိုကျင်းထဲက အခိုက်အတန့်နဲ့ အတူပုန်းခဲ့ရတဲ့ ကလေးမလေးရဲ့ မျက်ဝန်းအစုံက သူ့ဆီ ကပ်ငြိနေတော့တယ်။ ညအိပ်ဖို့ကြိုးစားမရတော့တဲ့အထိ စိုးရွံ့ထိတ်လန့်နေတဲ့ မျက်ဝန်းအစုံက အကြိမ်ကြိမ်ပြန်ပေါ်လာနေတယ်။ အဲဒီပုံရိပ်နဲ့အတွေးက ရင်ဘတ်ထဲလည်း တင်းကြပ်နာကျင်စေတာ အမှန်ပဲ။

အိပ်မပျော်တဲ့ည အတွေးဆိုသည်မှာလည်း အဖွားမြေးမလေးရဲ့ မျက်ဝန်းအစုံနဲ့အတူ ပါသွားလိုက်လေတာ ဗုံးခိုကျင်းလေးထဲကနေတဆင့် လက်ယက်ကုန်းရွာစာသင်ကျောင်းလေး နောက် … ဒီမော့ဆို ဒေါဆီအီရွာ စာသင်ကျောင်းတို့ဆီအထိရောက်လို့။ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံး၊ ထိခိုက်၊ နာကျင်ကြရတဲ့ ကလေးငယ်ပေါင်းများစွာ။ သူတို့နေ့တဓူဝဖြတ်သန်းနေရ၊ ဖြတ်သန်းခဲ့ရတဲ့ စိုးရွံ့ထိတ်လန့်မှုတွေ။ သာမန်ကလေးငယ်တစ်ဦးရဲ့ ပညာရေး၊ ကျန်းမာရေး လိုအခြေခံလူ့အခွင့်အရေးတွေမပြောနဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ လွတ်လွတ်လပ်လပ်ဆော့ကစားဖို့တောင် အခွင့်အရေးမရှိတော့၊ မရကြတော့တဲ့ ကလေးငယ်တွေ။ ဒီညတော့ အတွေးတွေအားလုံး သူတို့လေးတွေဆီရောက်နေရင်း သူ့မျက်စိရှေ့တင်အားလုံးပဲ ဖြစ်ပျက်နေသလို နာကျင်ဝမ်းနည်းမှုက ရပ်မရ။

ကြည်လင်နေတဲ့ကောင်းကင်ကြီးအောက်က ခေါင်းလောင်းသံ၊ စာအံသံနဲ့ ရယ်မော အော်ဟစ်သံတို့ ပျံ့လွင့်နေတဲ့ စာသင်ကျောင်းတော်ကြီးထဲက ကလေးငယ်တွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေပြန်မြင်ရမယ့်တစ်နေ့ကို သူ ကြိုးစားအာရုံပြုရင်း မိုးသောက်ချိန်ရောက်မှန်းမသိ ရောက်ခဲ့တယ်။

စစ်ကြီးလည်းပြီးပါစေ၊ မျှော်လင့်ချက် အနာဂတ်တွေလည်း အသက်ဝင်ပါစေ၊ ကလေးတွေလည်း အေးချမ်းပျော်ရွှင်စွာကြီးပြင်းရတဲ့နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေ၊ သူကိုယ်တိုင်လည်း သတိနဲ့ အိပ်ရတဲ့ စိုးထိတ်ညတို့ လွန်ပါစေ။

ဆက်စပ်သတင်းများ

သတင်း

ယမန်နေ့ (ဇူလိုင် ၁ရက်) ညတွင် သတင်းထုတ်ပြန်ခြင်းခြင်းပြီး " အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိပါတယ်" ဟု MOHADMက ဖော်ပြထားသည်။

သတင်း

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် နောက်(၆)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း(မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးဇလကအသိပေးသည်။

သတင်း

ပုန်းခိုကျင်းတူးရန်အပါအဝင် မင်းတပ်မြို့နယ်အတွင်း ပြည်သူများ ဘေးကင်းစေရန် CDF – Mindat၏ ထုတ်ပြန်ချက်များအား လိုက်နာကြရန်နှင့် မလိုက်နာသူများအား အရေးယူသွားမည်ဟု ဧပြီ ၁၄ရက် ညတွင် အသိပေးထားခြင်းဖြစ် သည်။

သတင်း

ဝန်ကြီးဌာနအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီတွင် လူသားချင်း စာနာမှုအကူအညီများအတွက် ကျပ် ၅၀၇ ဒသမ ၁၅သန်း ထောက်ပံ့ပေးပို့ နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။