Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

■”ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့စစ်အုပ်စုဟာဘာကိုယ်ကျင့်တရားမရှိတဲ့ စစ်တပ်ဖြစ်တယ်။အကာအကွယ်မဲ့​နေတဲ့ပြည်သူ​တွေကိုအားလုံးရသ​လောက်ကူညီ​ကြစေချင်ပါတယ်”

စစ်ရှောင်စခန်းတစ်ခု ဖွင့်လှစ်ထားသည့် လေးကေ့ကော်ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) စခန်းတစ်ခု တာဝန်ခံ ကိုစောနေလအား ဆက်သွယ်ပြီး လတ်တလောစစ်ရေးအခြေအနေ၊စစ်ရှောင်အခြေအနေများကို မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

(​​လေး​ကေ့​ကော်​ဒေသမှ စစ်​ဘေးဒုက္ခသည် အချို့)

လေးကေ့ကော်ဒေသ စစ်ရှောင်များ ခိုလှုံနေသည့်PDFစခန်းတစ်ခု တာဝန်ခံ ကိုစောနေလအား မေးမြန်းခန်း

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသတွင် ဒီဇင်ဘာ ၁၅ရက်မှစ၍ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်အကြား တိုက်ပွဲများ နေ့စဉ်လိုလိုဖြစ်ပွားနေရာ ဒေသခံ ထောင်နှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်။ ယင်းအနက် စစ်ရှောင်စခန်းတစ်ခု ဖွင့်လှစ်ထားသည့် လေးကေ့ကော်ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) စခန်းတစ်ခု တာဝန်ခံ ကိုစောနေလအား ဆက်သွယ်ပြီး လတ်တလောစစ်ရေးအခြေအနေ၊စစ်ရှောင်အခြေအနေများကို မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

(လေး​ကေ့​ကော်​ဒေသမှ စစ်​ဘေးဒုက္ခသည် အချို့)

​မေး-လေးကေ့ကော်တိုက်ပွဲ ရက်ကြာလာသလို စစ်ရှောင်တွေလည်း တိုးလာနေတယ်လို့ သိရပါတယ်။ လက်ရှိ အခြေအနေ အပေါ်ရှင်းပြပေးပါလား။

​ဖြေ- လောလောဆယ် စစ်ရှောင်တွေကို စခန်းတွေမှာ ဟိုရက်က လက်ခံခဲ့တာရှိတယ်။ လက်ရှိ အနေအထားမှာ လုံခြုံရေအရ အဆင့်ဆင့် ပြန်ရွှေ့ပြောင်းတဲ့အခါမှာ လောလောဆယ် လေးကေ့ကော် ပတ်ဝန်းကျင်မှာ စခန်း ၂ခုလောက်ရှိပါတယ်။ စခန်းတစ်ခုစီမှာ စစ်ဘေးရှောင် အင်အား တစ်ထောင်ပတ်ဝန်းကျင်လောက်ရှိပါတယ်။
ဟိုရက်ကဆိုရင် စစ်ဘေးရှောင်စခန်း က လေးကေ့ကော် ပတ်ဝန်းကျင်မှာ ၂ခု ဟိုဘက် နည်းနည်းဝေးတဲ့ဘက်မှာ တစ်ခုရှိတယ်။ အဲဒီနေရာမှာဆိုရင်လက်နက်ကြီး ကျတာရှိတယ်။ ဒီဘက်စခန်းတွေမှာ ဆိုရင်လည်း ဒီဘက်က စစ်ကြောင်း ထိုးလာတဲ့ အခြေအနေတွေကြောင့် အဆင့်ဆင့် ရွှေ့ပြောင်းရတာပေါ့။ ဥပမာ ကျွန်တော်တို့ စခန်းကို သူတို့ ရောက်လာကြတယ်။ အခြားစခန်းတွေ ရောက်လာတယ်။ ကျွန်တော်တို့ စခန်းကနေမှ တဆင့် ဒါ့ထက် ဘေးလွတ်ရာကို ပို့ပေးရတာပေါ့။ အဓိကတော့ လက်နက်ကြီးပေါ့။ လက်နက်ကြီးတွေ မကြာခဏ ကျတဲ့တဲ့အပေါ်မှာ စစ်ဘေးရှောင်စခန်းတွေ ရွှေ့ပြောင်းပေးရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

​မေး-လက်ရှိ ခိုလှုံနေတဲ့ နေရာတွေက လုံခြုံစိတ်ချရမှု အခြေအနေက ဘယ်လိုရှိပါသလဲ။

​​​​ဖြေ-လက်ရှိအနေအထားအရတော့ ပုံမှန်အားဖြင့် လုံခြုံစိတ်ချရတယ်ဆိုပေမယ့် သူတို့(စစ်ကောင်စီ)က ဟိုရက်က ကင်းထောက်လေယာဉ်တွေလှည့်နေတာရှိတယ်။ ဒရုန်းတွေသွားနေတဲ့ ဟာတွေရှိတယ်ဆိုတော့ လုံခြုံရေးနဲ့ ပတ်သက်ရင် အထူးစိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိတယ်ပေါ့။ ပြီးတဲ့အခါမှာ သူတို့ထဲမှာ ကျန်းမာရေးအရ သက်ကြီးရွယ်အိုတွေပါသလို ကိုယ်ဝန်ဆောင်မိခင်တော်တော်များများလည်း ရှိနေတာလည်းရှိတယ်။ အဲဒါတွေအတွက် စိုးရိမ်စရာပါ။

​မေး-အရေးပေါ် ရှောင်တိမ်းရတာဆိုတော့ နေထိုင်စား​သောက်​ရေးအခက်အခဲတော့ ရှိမှာပေါ့။ ကြုံတွေ့နေရတဲ့ အခြေအနေ အပေါ် ရှင်းပြပါလား။

​ဖြေ- စားရေးသောက်ရေးနဲ့ပတ်သက်ရင် လွန်ခဲ့သောရက်တွေမှာ တော်တော်ကို ခက်ခက်ခဲခဲ ဖြတ်သန်းရတယ်။ အခုနောက်ပိုင်းမှာတော့ စားဖို့သောက်ဖို့အတွက် ရိက္ခာတွေကို ရနိုင်တဲ့ နည်းလမ်းနဲ့ စစ်ဘေးရှောင်စခန်း ဦးစီးတဲ့သူတွေက သယ်ပေးတဲ့အခါမှာ လက်ရှိအခြေအနေမှာတော့ အရင်ရက်တွေထက်စာရင် နည်းနည်းလေးတော်လာတယ်။ သို့သော် ဒါ ရေရှည်ကာလအတွက် ဆိုရင် စားနပ်ရိက္ခာ အခက်အခဲတွေက ဖြစ်လာနိုင်ပါတယ်။

​မေး-တိုက်ပွဲတွေလည်း ဆက်ရှိလာနိုင်တော့ စစ်ရှောင်တွေ အထိုက်အလျောက် အကူအညီရအောင် လူထုတွေနဲ့ သက်ဆိုင်ရာအဖွဲ့တွေဆီကို ဘာ​ပြောချင်ပါသလဲ။

​ဖြေ-ကျွန်တော်တို့ ကြိမ်းသေတာတော့ စားရေးသောက်ရေးတင်မဟုတ်ဘဲ ဟိုးရက်ကဆိုရင် စစ်ရှောင်စခန်း တစ်ခုဆိုရင် တောင်ပေါ်မှာ ဖွင့်ထားတဲ့အခါ အရမ်းအေးတာ ဆိုးရွားတဲ့ အအေးဒဏ်ကို ခံစားခဲ့ရတာရှိတယ်။ စောင်တွေမလုံလောက်မှုတွေရှိတယ်။နေရာ အခက်အခဲတွေကလည်း လတ်တလော စီစဉ်ရတဲ့အခါ နေရာထိုင်ခင်းက အစ အမိုးတွေ အကာတွေမလုံတာတွေရှိတယ်။ အဲဒါတွေက သူတို့အတွက် အဓိက အခက်အခဲပါ။ စောင်တွေ စားနပ်ရိက္ခာတွေ ဒါတွေအဓိက ဖြစ်ပါတယ်ခင်ဗျ။

​မေး-တိုက်ပွဲတွေကြားမှာ ပြေးရှောင်ရတာဆိုတော့ စစ်ရှောင်တွေကို ထိခိုက်တာမျိုး ပိတ်မိနေတာမျိုးတွေရောရှိပါသလား

​ဖြေ- လက်ရှိအခြေအနေမှာတော့ တချို့ဆိုရင် လေးကေ့ကော်မြို့ထဲမှာ ပိတ်မိနေသူတွေရှိတယ်။ ကျွန်တော်တို့ ဒီဘက် KNUနဲ့ PDFပေါ့ ကျွန်တော်တို့ကတော့ တက်နိုင်သလောက် စစ်ရှောင်တွေကို စစ်ဘေးရှောင်စခန်းရောက်အောင် ကယ်ထုတ်နေပါတယ်။ လက်ရှိအခြေအနေအထိတော့ ထိခိုက်ဒဏ်ရာရမှုတော့မရှိသေးပါဘူးဗျ။

​မေး-အခု စစ်ရှာင်တွေက ပြည်တွင်း မှာရှောင်တဲ့အခြေအနေပေါ့။နယ်စပ်က​နေထိုင်းဘက်ကိုထွက်ပြေးသူတွေရဲ့ အခြေအနေရော သိ့ရပါလား။

​ဖြေ- ကျွန်တော်တို့ စခန်းက လေးကေ့ကော်နဲ့ အနီးပတ်ဝန်းကျင်မှာ ၂ခု၊ လေးကေ့ကော်နဲ့ နည်းနည်းလေး ဝေးတဲ့နေရာမှာ ၁ခု သုံးခုပေါ့။ အဲဒီအပြင်မှာမှ ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေကလည်း ထောင်နဲ့ချီပြီးရှိနေပါတယ်ဗျ။ ကျွန်တော်တို့ သိသလောက်တော့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးသွားတဲ့သူတွေကလည်း နှစ်ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ စစ်ရှောင်စခန်း ၃ခုမှာတော့ ဒုက္ခသည်က ၂၅၀၀ ပတ်ဝန်းကျင်လောက် ရှိတယ်လို့ သိရပါတယ်ဗျ။

​မေး-လက်လှမ်းမမီတဲ့ စစ်ရှောင်တွေရော ရှိနိုင်ပါသလား။

​ဖြေ- ရှိနိုင်ပါတယ်။ ဘာလို့လည်းဆိုရင် ကျွန်တော်တို့ သိသလောက်ဆိုရင် တချို့ စာသင်ကျောင်းတွေထဲမှာ ဘုရားကျောင်းတွေထဲမှာ တချို့ စစ်ရှောင်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

​မေး-ဒေသတွင်း စစ်ရေးအခြေအနေကိုပြောပြေပေးပါလား

စစ်ရေးအခြေအနေက လက်ရှိမှာ နေ့တိုင်းလိုလို တိုက်ပွဲ ဖြစ်နေတယ်။ ဒီနေ့ဆိုလည်း နေ့ခင်းပိုင်းက ဖြစ်တာရှိတယ်။ အဆိုးဆုံးကတော့ စစ်အုပ်စုရဲ့လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တဲ့ကိစ္စတွေပေါ့။နောက်တစ်ခါ လေယာဉ်နဲ့ ကင်းထောက်တဲ့ ကိစ္စတွေအပေါ်မှာတော့ အားလုံးက စိုးရိမ်မကင်းဖြစ်နေပါတယ်ဗျ။

​မေး-အဲဒီလိုဆို အခုစစ်ရှောင်တွေနေတဲ့ နေရာကလည်း တိုက်ပွဲတွေဖြစ်လာနိုင်တာ၊ လက်နက်ကြီးကျည်ကျတာမျိုး ဖြစ်လာနိုင်တဲ့ သဘောမျိုးလား။

​ဖြေ- ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ သိသလောက်ဆိုရင် ဒီရက်အတွင်းမှာ ပစ်တဲ့ တချို့ကျည်တွေက စစ်ရှောင်စခန်း အနီးပတ်ဝန်းကျင်အထိ ကျတာတွေရှိပါတယ်။

​မေး-ထိုင်းဘက်တွေကိုလည်း ကျတယ်လို့ ကြားရတယ်။

​ဖြေ-ပထမရက်တွေမှာလည်း ထိုင်းနယ်စပ် ထိုင်းဘက်ကမ်းကို ကျတာရှိတယ်။ ဒီနေ့မှာလည်း ထိုင်းဘက်ကမ်းကို ကျတယ်လို့ ကျွန်တော်တို့ သိရပါတယ်။

​မေး-လက်ရှိစစ်ရေးအခြေအနေ စစ်ရှောင်အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာဖြည့်စွက်ပြောလိုပါသလဲ။

ကျွန်တော်တို့ ပြောလိုတာက ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ဘာမှ ကိုယ်ကျင့်တရားမရှိတဲ့ စစ်တပ်ဖြစ်တယ်။ ဘာမှ သူတို့မှာ ထည့်သွင်းစဉ်းစားတာမရှိတဲ့အခါ ကျွန်တော်တို့ အရပ်သားပြည်သူလူထုမှာ အကာအကွယ်မဲ့နေရတဲ့ အပေါ်မှာတော့ အားလုံး၀ိုင်းဝန်းပြီးတော့မှ ကူညီလို့ရသလောက် ကူညီကြစေချင်ပါတယ်။ စားနပ်ရိက္ခာကိစ္စတွေကျန်းမာရေးကိစ္စတွေ နောက်တစ်ခါ စစ်အုပ်စုရဲ့ အန္တရာယ်ပေးလာမယ့် ကိစ္စတွေအပေါ်မှာ အားလုံး ၀ိုင်းဝန်း ပါဝင်ပြီးတော့ ကူညီပေးကြစေလိုပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။