တိုက်ပွဲရှောင်ရန်တူးထားသည့် ဗုံးခိုကျင်းထဲတွင် အောက်ဆီဂျင်ပြတ်လပ်ပြီး မိသားစုဝင်လေးဦးလုံးသေဆုံးမှု ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ယနေ့ ဖြစ်ပွားခဲ့သည်။
ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ရင်းအောက်ကျေးရွာတွင် မိသားစုဝင်လေးဦးလုံး ဗုံးခိုကျင်းထဲဝင်စဥ်အောက်စီဂျင်ပြတ်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကျင်းထဲကို ခြင်းဆေးဖြန်းတယ်လို့လည်း သိရတယ်။ သူတို့တွေက ကျင်းထဲဆင်းပြီး ပစ္စည်းတွေ နေရာချတာကနေ အခုလိုဖြစ်တာလို့ သိရတယ်”ဟု ဒေသခံတစ်ဦး ကပြောသည်။
ကျင်းထဲတွင် သေဆုံးနေကြသည်ကို နံနက် ကိုးနာရီခန့်က သိခဲ့ခြင်းဖြစ်သည်။ ဗုံးခိုကျင်းသည် ထွက်ပေါက် အဝ အကျယ်နှစ်ပေ၊ အနက် ခြောက်ပေနှင့် အကျယ် ၁၄ ပေရှိပြီး စစ်ကောင်စီနှင့် KNUအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များစစ်ရေးတင်းမာနေ၍ ဗုံးခိုကျင်းအတွင်း ဝင်ရောက်ခိုဝင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကရင်ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဒေသအများစုတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံပြည်သူများကစစ်ကောင်စီတပ်ကလေယာဥ်ဖြင့်ဗုံးလာကျဲလျှင်တိမ်းရှောင်ရန်၎င်းတို့၏နေအိမ်ခြံဝင်းများအတွင်း ဗုံးခိုကျင်းများတူးထားကြသည်။

Public Service Announcement
