ကုလသမဂ္ဂ၏ စိုးရိမ်ကြောင်းထုတ်ပြန်ကြေညာချက်များက မြန်မာစစ်တပ်၏ ထပ်တိုးကြမ်းကြုတ်ယုတ်မာမှုများ ဟန့်တားရန် လုံး၀မလုံလောက်ကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက လုံခြုံရေးကောင်စီသို့ ပြောသည်။
ဇန်နဝါရီ ၂၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ကျင်းပသော မြို့ပြစစ်ပွဲများနှင့် အရပ်သားများကို အကာအကွယ်ပေးခြင်းဆိုင်ရာ အစည်းအဝေးသို့ မြန်မာသံအမတ်ကြီးဦး ကျော်မိုးထွန်းက မိန့်ခွန်းရေးသားပေးပို့ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံမှာ စစ်တပ်ကျူးလွန်နေတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို တားဆီးဖို့၊ စစ်တပ်ရဲ့ထပ်တိုးကြမ်းကြုတ်ယုတ်မာမှုတွေကို ဟန့်တားဖို့ စိုးရိမ်ကြောင်း ထုတ်ပြန်ချက်တွေ၊ စကားလုံးတွေက လုံး၀လုံလောက်မှုမရှိပါဘူး”ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောသည်။
သံအမတ်ကြီး၏ မိန့်ခွန်းတွင် အရပ်သားများကို အကာအကွယ်ပေးခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၏ ကျောရိုးဖြစ်ပြီး မည်သည့်အခြေအနေတွင်မဆို ထိပ်တန်းဦးစားပေးကိစ္စဖြစ်ကြောင်း ထည့်သွင်းဖော်ပြသည်။

Public Service Announcement
ထို့အပြင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများကြောင့် မြန်မာပြည်သူများ အထူးသဖြင့် ကလေးများ၊ အမျိုးသမီးများနှင့် မိန်းကလေးများ၊ နေရပ်စွန့်ခွာရသူများနှင့် အခြားထိခိုက်လွယ်သော အုပ်စုများ ဆင်းရဲဒုက္ခခံစားနေကြရကြောင်း သံအမတ်ကြီးက တင်ပြ သည်။
အဆိုပါဆင်းရဲဒုက္ခခံစားရသူများကို အကာအကွယ်ပေးရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အကြမ်းဖက်စစ်တပ်ကို လက်နက်ပိတ်ပင်မှုနှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ၊ လေယာဉ်မပျံသန်းရဇုန် ကြေငြာခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကျူးလွန်သူများအား တာဝန်ခံမှုရှိစေခြင်းစသည့် လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် သံအမတ်ကြီးက တိုက်တွန်းသည်။
မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးနှင့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ကူညီပေးရေး တုံ့ပြန်ဆောင်ရွက်မှုများ အမြန်ဆုံးပြုလုပ်ရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ဒေသတွင်းအဖွဲ့အစည်းများကို သံအမတ်ကြီးက ထပ်မံတိုက်တွန်းသည်။


















































