Connect with us

Hi, what are you looking for?

News

အမေရိကန်ခရီးစဉ်ဟာတော်လှန်ရေးအတွက်ကောင်းမွန်တဲ့အချိုးအကွေ့အစဖြစ်တယ်လို့ NUG ဝန်ကြီးဆို

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံမှုဟာလည်း NUG ရဲ့ သံတမန်ရေးဆောင်ရွက်ချက်တွေ အရ အသီးအပွင့်ဖြစ်ပြီး မျက်နှာစာသစ် တစ်ခုကိုဖွင့်လှစ်လိုက်နိုင်တာလို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုပါတယ်။

၂၀၂၂ ခုနှစ်ဟာ တော်လှန်ရေးအတွက် ကောင်းမွန်တဲ့အချိုးအကွေ့တစ်ခုဖြစ်လာမှာဖြစ်ပြီး အမေရိကန် ခရီးစဉ်ဟာအဲဒီအချိုးအကွေ့ရဲ့အစဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာ့အသိုင်းအဝိုင်းနဲ့မေလ ၁၅ ရက်ကတွေ့ဆုံချိန်မှာပြောလိုက်ပါတယ်။

ဝါရှင်တန်ဒီစီမှာ မြန်မာအသိုင်းအဝိုင်းနဲ့တွေ့ဆုံချိန် ဝန်ကြီးဒေါ်ဇင်မာအောင်က အမေရိကန် ခရီးစဉ်အတွင်း အောင်မြင်မှုရရှိခဲ့တာတွေကို ပြန်လည်ဝေမျှခဲ့တာတွေ့ရပါတယ်။

ဒီခရီးစဉ်ဟာ အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အချိန်ကိုက်ပြီးစီစဉ်တဲ့ခရီးစဉ်ဖြစ်တယ်လို့ သိရပါတယ်။

ခရီးစဉ်အတွင်း တွေ့ဆုံခဲ့တဲ့အစည်းအဝေးတွေအရ အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ထုတ်ပြန်မယ့် ကြေညာချက်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထည့်သွင်းချင်တဲ့အချက်အလက်တွေကို သတင်းစကားပေးပို့နိုင်ခဲ့တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်မတို့ပေးခဲ့တဲ့ သတင်းစကားတွေ တော်တော်များများ အဲဒီကြေညာချက်ထဲမှာ ပါနေတာကိုတွေ့ရပါတယ်၊ဒါကတော့ ဒီခရီးစဉ်ရဲ့အောင်မြင်မှုလို့ ပြောလို့ရတယ် ” လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ မြန်မာ့အကြပ်အတည်းကိုဖြေရှင်းဖို့ စစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင်သဘောတူထားတဲ့ ဘုံသဘောတူညီ ၅ ချက်ကို အကောင်အထည်ဖော်တာမရှိတဲ့အတွက် တခြားသောနည်းလမ်းကို စဉ်းစားသင့်ကြောင်း ကိုလည်း အမေရိကန် − အာဆီယံထိပ်သီးအစည်းအဝေးကိုပါ သတင်းစကားပါးခဲ့တယ်လို့လည်းဝန်ကြီးက ဆိုပါတယ်။

“တခြားသောနည်းနဲ့ innovative ( နည်းလမ်းသစ်) ဖြစ်တဲ့နည်းနဲ့ချည်းကပ်သင့်တယ်” လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒါကြောင့်လည်း မလေးရှားနိုင်ငံဟာ NUG နဲ့ထိတွေ့ဆက်ဆံဖို့ နည်းလမ်းကိုသုံးလာတာလို့သိရပါတယ်။

ဒါအပြင် ဒီတော်လှန်ရေးဟာ စစ်အာဏာရှင်ပြုတ်ကျသွားပြီးနောက် ဘာဆက်လုပ်ရမှန်းမသိတဲ့ တော်လှန်ရေးမျိုးမဟုတ်ဘဲ နိုင်ငံရေးလမ်းပြမြေပုံ အခိုင်အမာရှိတယ်ဆိုတာကို အမေရိကန်အစိုးရတာဝန်ရှိသူတွေ နဲ့အာဆီယံကိုပါရှင်းပြနိုင်ခဲ့တယ်လို့ဝန်ကြီးရဲ့ပြောပြချက်အရသိရပါတယ်။

“စစ်တပ်ပြုတ်ကျပြီး နောက်ထပ်အာဏာရှင်ပုံစံမျိုး ပေါ်လာလို့လည်း မရဘူး ၊တိုင်းပြည်ထူထောင်ရေးကိုသွားတဲ့အခါ ဘယ်လိုနိုင်ငံရေးစနစ်နဲ့သွားမလဲဆိုတာတိတိကျကျ ရှိပြီးသားဖြစ်ပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံတည်ရှိတာကြောင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ဒီမိုကရေစီ စနစ်ကိုထူထောင်မှသာ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှု ၊တည်ငြိမ်မှု ရမယ်ဆိုတာသေချာတယ်လို့ ဝန်ကြီးက မြန်မာအသိုင်းအဝိုင်းနဲ့တွေ့ဆုံရာမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီအတွက် တော်လှန်ရေးအင်အားစုတွေ ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကိုရေးဆွဲထားပြီးဖြစ်တယ်လို့ဝန်ကြီးက မြန်မာအသိုင်းအဝိုင်းကိုအသိပေးပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာ့အရေးအတွက် ထုတ်ပြန်တဲ့သတင်းလွှာတွေကိုအာဆီယံခေါင်းဆောင်တွေထံ အမြဲမပြတ်ပေးပို့နေသလို မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှုမတိုင်ခင်မှာ ဝန်ကြီးထံကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အင်္ဂလိပ်ဘာသာ ပြန်ဆိုကာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံမှုဟာလည်း NUG ရဲ့ သံတမန်ရေးဆောင်ရွက်ချက်တွေ အရ အသီးအပွင့်ဖြစ်ပြီး မျက်နှာစာသစ် တစ်ခုကိုဖွင့်လှစ်လိုက်နိုင်တာလို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုပါတယ်။

“ကျွန်မတို့ပြည်တွင်းမှာ သပိတ်တိုက်ပွဲဝင်နေတဲ့ လူငယ်တွေ ၊CDM တွေ ၊တောထဲတောင်ထဲကPDF ရဲဘော်တွေ အစရှိသဖြင့် ပြေးနေလွှားနေ ရှောင်တိမ်းနေရတဲ့ နိုင်ငံသားတွေအတွက်ရော ဒီခရီးစဉ်က ခွန်အားဖြစ်စေမယ်လို့ယုံကြည်တယ် ” လို့ ဝန်ကြီးကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။