အာဏာသိမ်းစစ်ခေါင်းဆောင်၏သမီး ခင်သီရိသက်မွန်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် Joox Myanmar Music အက်ပလီကေးရှင်းသည် မြန်မာနိုင်ငံက ထွက်ခွာတော့မည်ဟု ၎င်းကုမ္ပဏီက ထုတ်ပြန်ကြေညာလိုက်သည်။
Joox Myanmar၏ Music ဝန်ဆောင်မှုသည့် ဇူလိုင် ၆ ရက်တွင် ကုန်ဆုံးမည်ဖြစ်၍ ထိုရက်မှစတင်ပြီး မြန်မာနိုင်ငံတွင် Joox Music အက်ပလီကေးရှင်းကို အသုံးပြု၍ ရမည်မဟုတ်တော့ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Joox Musicသည် တရုတ်နည်းပညာကုမ္ပဏီ Tencentပိုင်ဆိုင်ထားပြီး အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သမီးခင်သီရိသက်မွန်နှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
Joox Myanmar အက်ပလီကေးရှင်းတွင် တေးသီချင်းပေါင်း ၄၅ သန်းကျော်ရှိပြီး အလွယ်တကူနားထောင်နိုင်သည့် အက်ပလီကေးရှင်းတစ်ခုဖြစ်၍ စစ်အုပ်စုအာဏာမသိမ်းခင်က လူငယ်များကြားလူသုံးများသောအက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ သို့သော်စစ်အုပ်စုအာဏာသိမ်းပြီးနောက် အာဏာသိမ်းခေါင်းဆောင်မိသားစုနှင့်ဆက်နွယ်သောလုပ်ငန်းများကိုပြည်သူများကလူမှုရေးပစ်ဒဏ်ခတ်ပြီးသပိတ်မှောက်ကြရာတွင် Joox လည်းတစ်ခုအပါအဝင်ဖြစ်သည်။

Public Service Announcement
“သီချင်းပေါင်း ၄၅ သန်းကျော်ပါဝင်သည့် ပြည်တွင်းပြည်ပမှ သီချင်းများအပြင်မြန်မာနိုင်ငံမှ ဂီတချစ် ပရိသတ် များအတွက်လည်း အထူးသီးသန့် LIVE ဖျော်ဖြေမှုများ ပံ့ပိုးနိုင်ခဲ့သည့်အတွက် အလွန်ပင်ဝမ်းသာဂုဏ်ယူမိပါတယ်”ဟု Joox Myanmar ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၎င်းမိသားစုပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်း ၁၅ခု ကို အကြမ်းဖက်လုပ်ငန်းအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ၂၀၂၁ အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့သည်။ ထိုထဲတွင် Joox Myanmarလည်းပါဝင်သည်။
ထိုလုပ်ငန်းများနှင့် ဆက်စပ်နေသော ပိုင်ရှင်အမည်ခံများ၊ ဒါရိုက်တာများ၊ အစုရှယ်ယာရှင်များ၊ ဝန်ထမ်းနှင့် စီးပွားရေးစက်တူလုပ်နေသူများကို အရေးယူသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကဆိုထားသည်။


















































