စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပုလ္လင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး PDF စခန်းတစ်ခုကိုဖျက်ဆီးကာ ပြည်သူ့ရဲဘော်တစ်ဦးနှင့် အမျိုးသားနှစ်ဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။
ယနေ့ (စက်တင်တာ၂၀ ရက်)နံနက် ၅နာရီဝန်းကျင်က မုံရွာမြို့နယ်၊ ပုလ္လင်ကျေးရွာကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်သားများသည် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ဝင်ရောက် လာ၍ ရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။




“ရွာအနီးဝန်းကျင်မှာ ကာကွယ်ရေးအဖွဲ့စခန်းရှိတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်သား အင်အား၆၀ ဝန်းကျင်ခန့်ဖြင့် ဝင်ရောက်လာတာဖြစ်ပြီး သူတို့သတင်းရရှိထားတဲ့ စခန်းတည်နေရာကို လွန်ခဲ့တဲ့ရက်သတ္တပတ်လောက်က ဖမ်ဆီးခံရတဲ့ အမျိုးသားနှစ်ဦးကို လိုက်ပြခိုင်းတာဖြစ်နိုင်တယ်။”ဟု ဒေသခံတစ်ဦးက မုံရွာသတင်းမှန်ပြန်ကြားရေးကို ဖြေကြားထားသည်။



ထို့နောက် စစ်ကောင်စီတပ်သည် ပုလ္လင်ရွာအနီးရှိ စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာရှိအမျိုးသားတစ်ဦးနှင့် ၎င်းတို့ခေါ်လာသည့် အမျိုးသားနှစ်ဦးကို ညှင်းပန်း နှိပ်စက်သတ်ဖြတ်ခဲ့ကာ ရုပ်အလောင်းအချို့ကိုမူ မီးရှို့ဖျောက်ဖျက်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး(ပ.က.ဖ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

Public Service Announcement

သတ်ဖြတ်ခံရသူများအနက် တစ်ဦးမှာ Monywa Ranger Group ၏ ရဲဘော်မိုင်းနက်ဖြစ်ပြီး ၎င်းနှင့်အတူ မည်သူမည်ဝါမသိရသေးသည့် လူငယ်နှစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရကြောင်း ထိုအဖွဲ့က ပြောသည်။




စစ်ကောင်စီတပ်သည် ပုလ္လင်ကျေးရွာရှိ နေအိမ်နှင့် စျေးဆိုင်အချို့ကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့ပြီး ရေသန့်၊ဘီယာများနှင့်တန်းဖိုးရှိပစ္စည်းများကိုလည်း သိမ်းယူသွားကြောင်း၊ ၎င်းတပ်သားများသည် မွန်းတည့် ၁၂နာရီခန့်တွင် ပုလ္လင်ရွာအတွင်းမှ ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။


















































