သေ့ဘော့ဘိုး နှင့် ဘလက်တိုရွာသို့ စစ်ကောင်စီတပ်က ညအချိန် လက်နက်ကြီးပစ်ခတ်၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရ
ကရင့်အမျိုးသား အစည်းအရုံး(KNU)၊ တပ်မဟာ (၆) နယ်မြေ၌ ယနေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
မြ၀တီ – ဝေါ်လေလမ်း တောင်နီး ကျေးရွာအနီးတွင် အခြေပြုရန် ကြိုးစားနေသော အကြမ်းဖက် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂)က ယနေ့ စက်တင်ဘာ ၂၈ရက် နေ့လည်ပိုင်း၌ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နှစ်ဖက်အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ် များ၊ စနိုက်ဘာများဖြင့် ပစ်ခတ်ခဲ့ကြပြီး ပူးပေါင်းတပ်ဖွဲ့များမှ လက်ဖြောင့်စစ်သည်များ၏ စွမ်းရည်ဖြင့် အကြမ်းဖက် စစ်ကောင်စီဘက်မှ တစ်ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ ထပ်မံ ထိခိုက်သေဆုံးမှုများ အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိကြောင်း အသိပေးသည်။
စစ်ကောင်စီတပ်သည် အဆိုပါဒေသရှိ သေ့ဘော့ဘိုးကျေးရွာ ဘုန်းကြီးကျောင်းနှင့် ဘလက်တို ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များအား လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement
ဆုံဆည်းမြိုင်ကျေးရွာတွင် အခြေပြုထားသော အကြမ်းဖက် စစ်ကောင်စီက (၁၂၀) မမ လက်နက်ကြီးဖြင့် ယမန်နေ့ည သန်းခေါင်ကျော် (ယနေ့ စက်တင်ဘာ ၂၈ မနက် အစောပိုင်း)မှစ၍ နံနက် ၃နာရီခွဲထိ ဆက်တိုက်ပစ်ခတ်ခဲ့ရာ ဒေသခံ ပြည်သူများ အအေးဒဏ်နှင့် ညအမောင်ကို အံတုကာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း အသိပေးထားသည်။
ထို့အပြင် လက်နက်ကြီးကျည်ကျ၍ သေ့ဘော့ဘိုးကျေးရွာ ဘုန်းကြီးကျောင်းအား ထိမှန်ပျက်စီးမှုများရှိခဲ့ပြီး ဘလက်တို ကျေးရွာရှိ ဒေသခံ ပြည်သူများ၏ နေအိမ်များ ၊ အဆောက်အဦးများ ပျက်စီးခဲ့ရကြောင်း အသိပေးထုတ်ပြန်ထား သည်။
လေးကေ့ကော်ဒေသရှိ စစ်ကောင်စီတပ်သည် ကော်ဘရာ စစ်ကြောင်း လုံခြုံရေးယူထားသည့် နေရာများသို့လည်း ယမန်နေ့ညသန်းခေါင် ကျော်တွင် လေကွဲကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ စစ်သည်တော်များထိခိုက်မှုမရှိကြောင်း ဖော်ပြထားသည်။
မြ၀တီ – ဝေါ်လေလမ်းတွင် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ပူးပေါင်းတပ်ဖွဲ့ရဲဘော်များက စနိုက်ပါ၊ လက်နက်ကြီး၊ ဒရုန်းများ အသုံးပြု တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အထိနာလျက်ရှိသည်။


















































