ကရင်ပြည်နယ်မှ CDM သူနာပြုဆရာမတစ်ဦးသည် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ပြီး အောက်လမ်းမှ သွားရောက်စဉ် ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးမှုကြုံတွေ့၍သောင်းရင်းမြစ်အတွင်း ခုန်ချ၍ရေကူးစဥ် ရေနစ်သေဆုံးခဲ့သည်။
သူငယ်ချင်းများက အနောဟု ချစ်စနိုးခေါ်ကြသည့် CDM သူနာပြုဆရာမ မသိင်္ဂီသည် အောက်တိုဘာ ၇ ရက်တွင် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင်အထက်ပါဖြစ်ရပ်ကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း၎င်း၏မိန်ဆွေများကပြောသည်။
“ဆရာမသိင်္ဂီက CDM ကိုတောင့်ခံပြီး နေခဲ့တာ။ သူ့ယောင်္ကျားနဲ့အတူ ထိုင်းမှာ အလုပ်သွားလုပ်ရင်း ပုလိပ်(ထိုင်းရဲ) လိုက်ဖမ်းလို့ ထွက်ပြေးရင်း ဖြစ်သွားတာ”ဟု ဆရာမသိင်္ဂီ၏ သူငယ်ချင်းတစ်ဦးက ပြောသည်။
ဆရာမသိင်္ဂီနှင့် သူမ၏ အမျိုးသားသည် ထိုင်းရဲတပ်ဖွဲ့က လိုက်ဖမ်း၍ နှစ်ဦးစလုံးထွက်ပြေးစဥ် ဆရာမသိင်္ဂီက သောင်းရင်းမြစ်အတွင်းခုန်ချရေကူးစဥ် ဆက်လက်မကူးနိုင်တော့ဘဲ ရေနစ်သေဆုံးခဲ့ခြင်းဟု သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၂၅ နှစ်ခန့်သာ ရှိသေးသည်။ ဇာတိမြေတွင် ၎င်း၏ ကလေးငယ်တစ်ဦးလည်း ကျန်ရစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
“အာဏာရူးတွေကိုလည်းမုန်းတယ်။ နင်တို့တွေကြောင့် ဒီလိုဖြစ်ရတာ။ငါ့သူငယ်ချင်းတွေ ဒုက္ခရောက်နေတာမြင်လေ ပိုနာကျည်းလေပဲ။ ပညာတတ်တွေ သူများနိုင်ငံ ခိုးဝင်ကြရ၊အောက်ခြေသိမ်း အလုပ် လုပ်ကြရ၊အနာဂတ်ပျောက်ရ”ဟု ဆရာမသိင်္ဂီ၏ သူငယ်ချင်းတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
“သူကခက်ခဲပေမယ့်အရှုံးမပေးဘဲ နောက်ဆုံးချိန်ထိကြိုးစားခဲ့တာပါ”ဟု သူနာပြုဆရာမသိင်္ဂီ၏ မိတ်ဆွေတစ်ဦးကလည်းပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းမှု၊အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုများကြောင့် လူငယ်အများအပြားမှာ ပြည်ပနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်မှု စံချိန်တင် များပြားနေသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ကြသည့် မြန်မာများ မကြားခဏအဖမ်းခံရသလို လမ်းခုလတ်တွင် ယာဉ်တိမ်းမှောက်၍ သေဆုံးသည့် ဖြစ်ရပ်များလည်း မကြာခဏ ဖြစ်ပေါ်နေသည်။
(အမှားပြင်ဆင်ချက်-ယခုသတင်းကို ကနဦးတွင် သူနာပြုဆရာမသိင်္ဂီသည်ချောက်အတွင်းခုန်ချ အဆုံးစီရင်မှုဟု People’s Spring ကမှားယွင်းဖော်ပြမိခဲ့ပါသည်။အဖြစ်မှန်မှာ သောင်းရင်းမြစ်အတွင်းခုန်းချ၍လွတ်မြောက်အောင်ရေကူးစဥ်ရေဆက်မကူးနိုင်တော့ဘဲ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ထိုကြောင့်သတင်းကို ပြန်လည်ပြင်ဆင်ဖော်ပြထားပြီး ၊ကနဦးမှားယွင်းဖော်ပြမှူအတွက် ကာယကံရှင်မိသားစုနှင့် စာဖတ်သူများကိုတောင်းပန်အပ်ပါသည်။)
















































