မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗြိဘ(အနောက်)ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၆၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့(ဒီဇင်ဘာ ၁၇ ရက်)က ရေစကြိုမြို့နယ်၊ ဗြိဘကျေးရွာအုပ်စု၊ ဗြိဘ(အနောက်)ရွာကို ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းတွင် တပ်စွဲကာ ကျေးရွာအတွင်းမှ နေအိမ်များကို မွှေနှောက်ဖျက်ဆီးပြီး ကျေးရွာနေပြည်သူများ၏ ပစ္စည်းများအား သိမ်းယူသွားခဲ့ကြသည်။
ယနေ့(ဒီဇင်ဘာလ ၁၈ ရက်) နံနက် ၅နာရီခန့်တွင် ဗြိဘ(အနောက်)ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြရာ နေအိမ်အလုံး ၆၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း Yesagyo Township INFO Committeeက ပြောသည်။
“ရွာမီးရှို့ပြီး ထွက်သွားတဲ့ စစ်တပ်နဲ့ပျူတွေ ကမ်းဖြူရွာနဲ့ ဆင်ဖြူရှင်တံတားဘက် ရောက်နေတယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ (ဒီဇင်ဘာ၁၇ရက်) နံနက်ပိုင်းက ဗြိဘ(အနောက်)ကျေးရွာကို ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို နံနက် ၁၀နာရီဝန်းကျင်ခန့်က မဟာမိတ်အဖွဲ့များပူးပေါင်းပြီး (၄၀) မမများ၊ အီနာဂါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်ထိခိုက်သေဆုံးနိုင်ပြီး ဘုန်းကြီးကျောင်းထဲ၌ ဆေးကုနေရကြောင်း ရေစကြို(ပကဖ)အဖွဲ့က သတိပေးသည်။
ပြီးခဲ့သည် ဇူလိုင် ၂ရက်ကလည်း စစ်ကောင်စီတပ်နှင့်ပျူများသည် ဗြိဘ (အရှေ့) ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၅လုံး မီးလောင်ပျက်စီးခဲ့သေးသည်။