Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၂၃ ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ရွှေကျင်ဒေသတိုက်ပွဲ စစ်ကောင်စီတပ်မှဗိုလ်အပါအဝင် ခုနစ်ဦးသေ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ရွှေကျင်ဒေသတိုက်ပွဲမှာ စစ်ကောင်စီတပ်မှဗိုလ်အပါအဝင်ခုနစ်ဦးသေဆုံးပြီးလက်နက်ခဲယမ်းအချို့ပါ သိမ်းဆည်းရမိတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ KNUတပ်မဟာ(၃)နယ်မြေဖြစ်တဲဲ့ ရွှေကျင်ဒေသတိုက်ပွဲမှာ သုံးရက်ဆက်တိုက်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ရွှေကျင်မြို့ခံတစ်ဦးက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ ကျိုက်ထိုမြို့နယ်မှာစစ်ကောင်စီတပ်ကကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခဲ့လို့ အရပ်သား နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ KNUကသတင်းထုတ်ပြန်ပါတယ်။

▪︎ထယ်ဘွေးစခန်းသို့ ရိက္ခာပို့လာတဲ့ စစ်ကောင်စီယာဉ်တန်း ထပ်မံတိုက်ခိုက်ခံရပြီး ၆ ဦးသေ

ချင်းပြည်နယ် မတူပီ-ပလက်၀ လမ်းမပေါ်ရှိ စစ်ကောင်စီရဲ့ ထယ်ဘွေးတပ်စခန်းသို့ ရိက္ခာနဲ့ အင်အားပို့လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို ချင်းကာကွယ်ရေတပ်(CDF)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ မတူပီ CDF တာဝန်ရှိသူက​ ပြောပါတယ်။ မတူပီမြို့ ခလရ(၃၀၄)မှ အင်အား ၈၀ ခန့်ပါကားသုံးစီးနဲ့ မတ်လ ၂၀ ရက်က ထွက်လာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို CDF တပ်ဖွဲ့များက မနေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်​ကောင်စီတပ်က ဒဏ်ရာရသူများကို ရဟတ်ယာဉ်နဲ့ လာသွားတယ်လို့ CDFမတူပီက ထုတ်ပြန်ပါတယ်။

CDF မတူပီမှ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF
CDF မတူပီမှ တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-CDF

▪︎ထားဝယ်-လောင်းလုံးလမ်းပိုင်း စစ်ကောင်စီတပ် ကင်းပုန်းအများအပြားချထား

တနင်္သာတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်က ကုန်းကြောင်းရော၊ ရေကြောင်းပါအသုံးပြုပြီး လုံခြုံရေးတင်းကြပ်ထားကာ ကင်းပုန်းများ အများအပြားချထားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ တာဝန်ရှိသူက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ကမြောကင်းတံတားအနီး မြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်များ ကင်းပတ်နေတဲ့အပြင် ထားဝယ်-လောင်းလုံးလမ်းမကြီးတလျှောက် ကင်းပုန်းများချကာ ကင်းပတ်ခြင်းများလည်း ရှိနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီက ထားဝယ်-ကမြောကင်းတံတား ဖွင့်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေကာ လုံခြုံရေးတင်းကြပ်ထားပြီး လောင်းလုံးမြို့နယ်အတွင်းမှ ညောပြင်၊ အောက်ကျောက်ဝပ်နဲ့ ကျေးရွာအချို့ကို ဝင်မွှေလုယက်ဖျက်ဆီးခဲ့ကာ ဒေသခံပြည်သူ ၁၅ ဦးခန့်ကို ထားဝယ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ LLPDF တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

▪︎ကွတ်ခိုင်ရှိ စစ်ရှောင်စခန်းများ နေရပ်ပြန်ဖို့ စစ်ကောင်စီ ဖိအားပေး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများကို ကျေးရွာအဖြစ် အမည်ပြောင်းလဲပြီး ဆက်လက်နေထိုင်ကြဖို့ စစ်ကောင်စီတပ်က အတင်းအကြပ်ပြောဆိုနေတယ်လို့ ကွတ်ခိုင်စစ်ရှောင်ပြည်သူများကို ကိုးကားပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီး စခန်းတာဝန်ခံများကိုခေါ်ယူပြီး စစ်ရှောင်စခန်းများ ဖျက်သိမ်းလိုက်ကြောင်း အသိပေးကာ စစ်ရှောင်ပြည်သူများ နေရပ်ကျေးရွာများသို့ ပြန်ဖို့နဲ့ နေရပ်ပြန်ဖို့ အဆင်မပြေသူများအနေနဲ့ လက်ရှိနေရာမှာ ကျေးရွာတစ်ခုအဖြစ်နေထိုင်နိုင်ကြောင်း ပြောဆိုလာတယ်လို့ ဆိုပါတယ်။ နေရပ်ပြန်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ စစ်ရှောင်စခန်းများထဲမှာ နမ့်ဖက်ကာ KBCစစ်ရှောင်စခန်း ၊ အောင်သပြေ၊ မိုင်းယုလေး၊ ဆွတ်အောင်၊ လွယ်မူအာ စစ်ရှောင်စခန်းများ ပါဝင်တယ်လို့ သိရပါတယ်။

ကွတ်ခိုင်ရှိ စစ်​ဘေး​ရှောင်စခန်းတစ်ခု။ဓါတ်ပုံ-Kachin News
ကွတ်ခိုင်ရှိ စစ်​ဘေး​ရှောင်စခန်းတစ်ခု။ဓါတ်ပုံ-Kachin News

▪︎မတ္တရာမှာစစ်အုပ်စုအထိနာလို့ပိုဝမြောက်ရွာကို မီးတင်ရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပိုဝမြောက်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အထိနာကာ ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးတင်ရှို့မှုကြောင့် နေအိမ်ပေါင်း ၇၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၁ ရက် ညပိုင်းက စစ်ကောင်စီတပ်ဟာ မတ္တရာမြို့ဘက်မှ မြို့အနောက်ခြမ်း ရွာတော်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး မနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ဟာ ပိုဝရွာမြောက်ပိုင်းသို့ ဦးတည် ခြေလျင်စစ်ကြောင်းထိုးတာလို့ ဒေသခံများက ပြောပါတယ်။ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးတယ်လို့ ပြင်ဦးလွင်ခရိုင် (ပ.က.ဖ) ကောင်းကင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ပါတယ်။

▪︎ကျုံပျော်မြို့နယ်မှ အုပ်ချုပ်ရေးမှူးတစ်ဦးကို ရှင်းလင်း

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အင်းဖျားအုပ်စုမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ရှင်းလင်းခဲ့တယ်လို့ မြို့ပြပြောက်ကျား(KSTF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။သိပ်မကြာသေးခင်က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးကို အင်ဖျားနဲ့ လိန်ကုန်းရွာကြားမှာ သေနတ်နဲ့ အနီးကပ်ပစ်ရှင်းခဲ့တာတာလို့ အဲဒီတာ၀န်ရှိသူက ဆိုပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးဟာ ၂၀၂၁ ဇွန်လက ပြည်သူ ၁၇ ဦးအထိသေဆုံးခဲ့ကာ ပြည်သူ နှစ်ထောင်ကျော် စစ်ဘေးရှောင်ခဲ့ရတတဲ့ လှေဆွဲရွာဖြစ်စဉ် ဖြစ်လာစေဖို့ သတင်းပေးတိုင်ကြားခဲ့သူဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

▪︎ဒီပဲယင်းအခြေစိုက်ဂဠုန်တပ်တော်ရဲ့လက်နက်ခဲယမ်းဂိုဒေါင်မီးလောင်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်တော် PDF အဖွဲ့ရဲ့ လက်နက်ခဲယမ်းဂိုဒေါင် မီးလောင်ကျွမ်းခဲ့ရာ လက်နက်ခဲယမ်းများအပါအဝင် ကျပ်သိန်း ၃,၀၀၀ ခန့် ဆုံးရှုံးခဲ့တယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက ယမ်း၊မိုင်းနဲ့ လက်နက်ပစ္စည်းများထားရှိ​​တဲ့ ဂို​ဒေါင်ဟာ ယမ်းအမျိုးအစား အပူအ​အေးမမျှတခြင်း​ကြောင့် ယမ်းမတည့်ဖြစ်ကာ စတင်​ပေါက်ကွဲ ​လောင်ကျွမ်းခဲ့တာလို့ အသိပေးပါတယ်။ တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိခဲ့ပေမယ့် အားလုံးသောထောက်ပို့ ပြည်သူတွေရဲ့ ချွေးနဲစာဖြစ်လို့ များစွာစိတ်မကောင်းဖြစ်ရတယ်လို့ ဂဠုန်တပ်တော်က ဆိုပါတယ်။

ဒီပဲယင်းအခြေစိုက်ဂဠုန်တပ်တော်ရဲ့လက်နက်ခဲယမ်းဂိုဒေါင်မီးလောင်ပြီး​နောက်​တွေ့ရမှု။ ။ဓါတ်ပုံ-ဂဠုန်တပ်တော်
ဒီပဲယင်းအခြေစိုက်ဂဠုန်တပ်တော်ရဲ့လက်နက်ခဲယမ်းဂိုဒေါင်မီးလောင်ပြီး​နောက်​တွေ့ရမှု။ ။ဓါတ်ပုံ-ဂဠုန်တပ်တော်

ဆက်စပ်သတင်းများ