Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၂၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎အင်းစိန်ထောင်ပေါက်ဝအနီး ပေါက်ကွဲမှုဖြစ်ပြီး ပစ်ခတ်မှုဖြစ်

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဥ်းထောင်ပေါက်ဝအနီး ပေါက်ကွဲမှုဖြစ်ပြီး ပစ်ခတ်သံများကြားရတယ်လို့ ဒေသခံပြည်သူအချို့က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက အင်းစိန်မြို့နယ် ဘုရင့်နောင်လမ်း အင်းစိန်အကျဉ်းထောင်ပေါက်ဝ ဂိတ် (၂)အနီး ပေါက်ကွဲခဲ့တာဖြစ်ပြီး ဂိတ်ပေါက်မှာ ဝန်ထမ်းအိမ်ရာ ဝင်၊ထွက်ပေါက်ဖြစ်တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သေနတ်ပစ်ခတ်သံ သုံးချက်ထက်မနည်းကြားရပြီး ဘယ်လိုပစ်ခတ်မှုဖြစ်တယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ သန်လျင်မြို့နယ်ရှိ (၁၈)ကုန်း စစ်ဆေးရေးဂိတ်မှာလည်း ပစ်ခတ်မှုဖြစ်ခဲဲ့လို့ သန်လျင် အမှတ် (၁)တံတား ရန်ကုန်မြို့ဘက် အသွားလမ်းပိုင်းပိတ်ထားတယ်လို့ Thanlyin Media မှ တာဝန်ရှိသူက ပြောပါတယ်။

▪︎ဗဟန်း နတ်မောက်လမ်းသွယ်မှာဒဏ်ရာတွေနဲ့ အမျိုးသားအလောင်းတွေ့

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်ထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို မနေ့ မနက်ပိုင်းက တွေ့ခဲ့ရတယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံမှသိရပါတယ်။ ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်(၁) ထဲက ခြံတစ်ခြံရှေ့မှာ ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦး လဲကျသေဆုံးနေတယ်ဆိုတဲ့ သတင်းအရ သွားရောက်သယ်ဆောင်ပေးခဲ့တာလို့ အဲဒီအဖွဲ့က ဆိုထားပါတယ်။ အလောင်းရဲ့ လည်ပင်းမှာ ကြိုးနဲ့ချိတ်ဆွဲထားတဲ့ ဖုန်းကနေတဆင့်မိသားစုနဲ့ အဆက်အသွယ်ရပြီး သေဆုံးသူအမျိုးသားဟာ ကြည့်မြိုင်တိုင်မြို့နယ်၊ သီတာရပ်ကွက် သိင်္ဂီလမ်းမှာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူအမျိုးသားဟာ တက္ကစီမောင်းနှင်သူဖြစ်ပြီး သူ့ရဲ့ Cherry QQ အမျိုးအစားကားလည်း ပျောက်ဆုံးနေပါတယ်။

▪︎ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ KNDFမှ ရဲဘော်နှစ်ဦး ကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲမှာ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း-၁၀က ဒီနေ့ထုတ်ပြန်ပါတယ်။ ဒီလကစလို့ ဒေါ​ညေးခူနဲ့ ဒေါတမကြီးကျေးရွာဖက်သို့ စစ်ကြောင်း သုံးခုနဲ့ ထိုးစစ်ဆင်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ တိုက်ပွဲများအတွင်း KNDF တပ်ရင်းအမှတ် (၁၀)မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရပါတယ်လို့ ဖော်ပြပါတယ်။ ကျဆုံးခဲ့ရတဲ့ ရဲဘော်ဦးရယ်နဲ့ ရဲဘော်နိုရယ်တို့ကို အာဇာနည်သူရဲကောင်းအဖြစ် ဂုဏ်ယူမှတ်တမ်းတင်ကြောင်း KDDFက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

▪︎ဗန်းမောက်နယ်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒီနေ့ နေ့ခင်းပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လာတယ်လို့ Banmauk Revolution က ဖော်ပြပါတယ်။ ဗန်းမောက်မြို့နယ် နန့်နန့်ထွန်အုပ်စု ကျောက်ဆည်ရွာအနီးလေယာဉ်နဲ့ ဗုံးကြဲသွားတာဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုမသိရသေးပါဘူး။ မနေ့ ညက ဗန်းမောက်မြို့နယ် ကြောင်လည်ရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အင်းတော်မြို့နယ်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းလှုပ်ရှားမှု ပြုလုပ်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ့က ဗန်းမောက်-အင်းတော် လမ်းပိုင်းကို ယာဥ်ဖြတ်သန်းသွားလာခြင်းမပြုဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

▪︎ချင်းတပ် CNA နဲ့ ဇိုမီး ZRA တိုက်ပွဲဖြစ်

ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ဇိုမီးလက်နက်ကိုင်တပ်(ZRO/ZRA)တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ ZRAတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့တယ်လို့ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ် တီးတိန်းမြို့နယ်ရှိ CNA တပ်မဟာ(၄)နယ်မြေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်တစ်လက်နဲ့ ကျည်ဆံတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ZRO ဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းနေပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေစုစည်းထားတဲ့ CJDCက ZRO ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတာရှိတယ်လို့ ဆလိုင်းထက်နီက ရှင်းပြပါတယ်။

(ဇိုမီးလက်နက်ကိုင်တပ်(ZRO/ZRA)တက်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - CNA)
(ဇိုမီးလက်နက်ကိုင်တပ်(ZRO/ZRA)တက်ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – CNA)

▪︎ကန့်ဘလူနယ် ညောင်ဇင်ကြီးရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းတစ်ဦးကို မီးရှို့သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ညောင်ဇင်ကြီးကျေးရွာကို မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ကျေးရွာရှိ နေအိမ် ၃၀ ကျော်နဲ့ လယ်ယာသုံးပစ္စည်းများ၊ စပါးများကိုပါ မီးရှို့ဖျက်ဆီးကာ ရွာဦးကျောင်းဆရာတော်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ စိတ်ကျန်းမာရေးမကောင်းတဲ့ အသက် (၃၅) နှစ်အရွယ် ကိုမျိုးမင်းဦး(ခ)ကိုထွန်းမင်းဦးကို မီးရှို့သတ်ဖြတ်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(ညောင်ဇင်ကြီးရွာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

▪︎နွားထိုးကြီး၊ တောင်သာနယ်တို့မှာ ရဲစခန်း နဲ့ စစ်အုပ်စုကို တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်နဲ့ တောင်သာမြို့နယ်တို့ရှိ မြို့မရဲစခန်း၊ စစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီစစ်ကြောင်းများကို ဒရုန်းများနဲ့ တိုက်ခိုက်ရာ သုံးဦးထက်မနည်းသေဆုံးတယ်လို့ဒေသတွင်း PDFအဖွဲ့များက ပြောပါတယ်။ မတ်လ ၂၁ ရက် ညပိုင်းက နွားထိုးကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ရှစ်လုံးကို နှစ်ကြိမ်ခွဲကာ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများတယ်လို့ Natogyi People Defence Force သတင်းတာဝန်ခံက ပြောပါတယ်။ မတ်လ ၂၂ ရက် မနက်ပိုင်းကလည်း နွားထိုးကြီးမြို့နယ်၊ မင်းရွာမှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်များကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မနေ့က တောင်သာမြို့နယ်၊ တမန်ကြီးကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ပြင်းအားမြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနဲ့ရဲများ ထိခိုက်မှုရှိနိုင်တယ်လို့ NPDF သတင်းတာဝန်ခံက ပြောပါတယ်။

▪︎စစ်ကိုင်း၊ အရာတော်နဲ့ ဝက်လက်နယ်တို့မှာ စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်းရှိ စစ်ကိုင်း၊ အရာတော်နဲ့ ဝက်လက်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးများကို ဒရုန်းများ၊ ပဒေသာမိုင်းများနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ အရာတော်နယ် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ သပြေညို ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။ စစ်ကိုင်းမြို့နယ်မှာလည်း စစ်ကောင်စီယာဥ်တစ်စီး မိုင်းရှင်းဖို့ ကြိုးစားစဉ် ဒေသတွင်း PDFအဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးနိိုင်ဖွယ်ရှိတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ ဝက်လက်မြို့ မီးသတ်ရုံးမှာ ကင်းပုန်းဝပ်နေတဲ့ ပျူများကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Eagle Guerrilla Force အဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဆက်စပ်သတင်းများ